မုံရွာနယ်က နေအိမ်တစ်ချို့နဲ့ အိမ်မွှေးတိရိစ္ဆာန်တွေကို စစ်တပ်ကမီးရှို့ဖျက်ဆီးသွား

ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၄ခုနှစ်

 

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ကြိုးကြာကန်ရွာကနေအိမ်တစ်ချို့ နဲ့

အိမ်မွှေးတိရိစ္ဆာန်တွေကို စစ်‌ေကာင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မင်းတဲရွာထဲမှာ အင်အား ၃၀ ကျော် နဲ့  တစ်ညအိပ်စခန်းချထားတဲ့ စစ်ကောင်စီတပ် ဖွဲ့ဝင်တွေဟာ ဖေဖော်‌ဝါရီ ၈ ရက် မနက်အစောပိုင်းလောက်မှာ ပုလင်ကုန်းရွာဘုန်းကြီးကျောင်းထဲကိုဝင်သွားပြီး အဲဒီကနေတစ်ဆင့် ကြိုးကြာကန်ရွာထဲကို လက်နက်ကြီး လက်နက်ငယ်တွေပစ်ဖောက်ပြီးဝင်ရောက်လာခဲ့ပါတယ်။

ကျေးရွာထဲကိုဝင်ရောက်သွားပြီးတဲ့နောက် ရွာသားတွေ မွှေးထားတဲ့  ဝက် ၊ ကြက် ၊ သိုး အစရှိတာတွေကို မီးရှို့ဖျက်ဆီးသွားသလို နေအိမ် ၁၀ လုံးကျော်ကိုလဲ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

” ကျနော်တို့မှာပြောစရာ စကားလဲမရှိတော့ပါဘူး အရမ်းလဲဝမ်းနည်းတယ် တစ်ချို့မိသားစုတွေဆိုရင် နေစရာအိမ်တောင်မရှိကြတော့ဘူး ” လို့ ကြိုးကြာကန်ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ကြိုးကြာကန်ရွာထဲက နေအိမ်ကို မီးရှို့ပြီး မနက် ၉ နာရီလောက်မှာတော့ မင်းတဲရွာထဲကိုပြန်လည်ဝင်ရောက်သွားပါတယ်။

စစ်ကောင်စီစစ်ကြောင်းလဲ ကျေးရွာထဲကနေပြန်ထွက်သွားပြီးဖြစ်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ အဲဒီနေ့ ညနေလောက်မှာပဲ ရွာထဲကိုပြန်လည်နေထိုင်ခဲ့ကြပါတယ်။

အိမ်ခြေ ၉၀ ဝန်းကျင်ရှိတဲ့ ကြိုးကြာကန်ရွာ ဟာ အခုလိုမီးရှို့ခံရတာ ပထမအကြိမ်ဖြစ်ပါတယ်။Data for Myanmar အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်အထိ နေအိမ် (၇၆,၉၂၃)လုံးမီးလောင်ပျက်ဆီးခဲ့တယ်လို့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါသေးတယ်။

 

သတင်း – နောနော

ဓာတ်ပုံ – CJ

People’s Radio Myanmr