
မေလ ၆ရက် ၂၀၂၄ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ထဲမှာ ပြန်လည်ဝင်ရောက်နေထိုင်ဖို့အတွက် စစ်ကောင်စီတပ်သားတွေက စစ်ဘေးရှောင်စခန်းတွေကနေ စစ်ရှောင်ပြည်သူတွေကို လိုက်လံခေါ်ယူနေတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
မေလ ၅ရက်နေ့က ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီတပ်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သာမညကျေးရွာရှိ ရွှေညောင်ပင်ဘုန်းကြီးကျောင်း၊ သာယာကုန်းဘုန်းကြီးကျောင်းနဲ့ ကျေးရွာထဲမှာနေထိုင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေကို ကော့ကရိတ်မြိုထဲမှာ ပြန်လည်ဝင်ရောက်နေထိုင်ကြဖို့နဲ့ ရိက္ခာတွေကို ထောက်ပံ့ပေးမှာဖြစ်တယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ ဒုက္ခသည်စခန်းတွေမှာ အကုန်လုံးလိုက်ပြောတယ်၊ ဘယ်လိုပြောလဲဆိုတော့ ကော့ကရိတ်မှာ ပြန်ဝင်လာကြဖို့ပေါ့နော်၊ ပြန်ဝင်လာရင် ရိက္ခာကိုပေါ့နော် ကော့ကရိတ်မှာဘဲပေးမယ်၊ မီးလောင်သွားတဲ့ အိမ်ပိုင်ရှင်တွေကို ဇိနသုခမှာတို့ တောင်ပေါ်ကျောင်းမှာတို ့အဲ့ဒီဘုန်းကြီးကျောင်းတွေမှာပေးနေမယ်၊ မီးမလောင်တဲ့ အိမ်တွေကျ ကိုယ့်အိမ်ကိုပြန်နေကြ၊ အဲ့ဒီလို ပြန်ခေါ်နေပြီ၊” လို့ သူကပြောပါတယ်။
စစ်တပ်က ကော့ကရိတ်မြို့ထဲမှာ ဒေသခံပြည်သူတွေကို ပြန်လည်ဝင်ရောက်နေထိုင်ဖို ့ဧပြီလ ၂၆ ရက်နေ့ကတည်း က ခေါ်နေပေမဲ့ လက်ရှိအချိန် ကော့ကရိတ်မြို့အနီး တစ်ဝိုက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အပြင် ခလရ ၉၇ ကနေလည်း လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်ခတ်နေတာကြောင့် ပြန်မနေရဲဘူးလို့ နောက်ထပ်စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ ပြန်ခေါ်လို့ ဝင်ကြတဲ့လူတွေလည်းရှိတယ်လေ၊ အမတို့ကတော့ မပြန်ရဲသေးဘူး၊ အခု အာရှလမ်းဘက်မှာလား တိုက်ပွဲတွေဖြစ်နေတာကြားတယ်၊ လက်နက်ကြီးတွေကလည်း နေ့တိုင်းပစ်တယ်လို့ ပြန်ဝင်တဲ့လူတွေကပြောကြတယ်၊ အဲ့ဒါကြောင့် မပြန်တော့ဘူးလေ ထပ်မပြေးနိုင်တော့လို့၊” လို့ သူကပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က စစ်ဘေးရှောင်တွေ ကော့ကရိတ်မြို့ထဲကို ပြန်လည်ဝင်ရောက်နေထိုင်ဖို့ ခေါ်နေပေမဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲတွေကတော့ မြို့ထဲပြန်ဝင်နေဖို့မသင့်သေးဘူးလို့ပြောဆိုနေကြပါတယ်။
လက်ရှိအချိန် ကော့ကရိတ်မြို့ထဲ ပြန်လည်ဝင်ရောက်နေထိုင်နေကြသူတွေဟာ မြို့တွင်းရှိ မီးမလောင်ဘဲ ကျန်ခဲ့တဲ့ အိမ်ပိုင်ရှင်တွေဖြစ်ကြပြီး နေအိမ်ဖောက်ခံရမှာကြောင့် ပြန်နေကြတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Social Media
Phar Si Than(People’s Radio Myanmar)