ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အား ၁၇၀ ကျော်နဲ့ စစ်ကြောင်းထိုးနေလို့  ဒေသခံ ၃၀၀၀ ကျော် နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရ

ဩဂုတ်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်

တနင်္သာရီတိုင်းဒေသကြီး၊ နဘုလယ်ဒေသမှာ ကလိန်အောင်မြို့နဲ့ ရေဖြူမြို့နယ် အခြေစိုက်တပ်ရင်း တွေကနေ   PDF ယောင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်သား အင်အား ၁၇၀ ကျော်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံ ၃၀၀၀ ကျော် နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်အရေးကူညီပေးသူတွေ ဆီကနေသိရပါတယ်။

ရေဖြူမြို့နယ်ထဲကို ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ကတည်းက PDF ယောင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်သား အင်အား ၁၇၀ လောက်က စစ်ကြောင်းသုံးကြောင်းခွဲပြီး စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ်တွေကိုလည်း ဝင်ရောက်မွှေနောက်ဖျက်ဆီးခဲ့တယ်လို့  သိရပါတယ်။ ဩဂုတ်လ ၁၀ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ခမောင်းချောင်းရွာမှာ နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွား ခဲ့တယ်လို့ ဒေသခံဆီကနေသိရပါတယ်။

“မနေ့က ၁၀ နာရီလောက်မှာ နှစ်ဖက်ပစ်နေကြတယ်။ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ကြတယ်။ ဆိုင်တွေထဲမှာလည်း ဝင်မွှေတယ်။ ယောက်ျားတွေတွေ့ရင်ခေါ်သွားတယ်။ ပေါ်တာဆွဲတာပေါ့” လို့ သူကအခုလိုပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သတ်ပြီး နှစ်ဖက် ထိခိုက်မှု ရှိ၊ မရှိ အသေးစိတ်အခြေအနေကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့  အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် နဘုလယ်ဒေထဲရှိ ကျေးရွာတွေဖြစ်တဲ့ ထိန်ကြီး၊ လဲရှောင်၊ ပရဒတ်၊ ဘဝါ၊ ထွက်ဝ၊ ခမောင်းချောင်း၊ ဧကနိ၊ ဝဇွမ်းတော စတဲ့ ရွာ ၈ ရွာက ဒေသခံ ၃၀၀၀ ကျော် ဘေးလွတ်ရာတွေဆီကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ်သားတွေက ထိန်ကြီးရွာသား ၄ ဦး၊ မူးဒူးရွာသား ၁ ဦးနဲ့ ဝက်ချောင်းရွာသား ၃ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်အထိ ပြန်မလွတ်လာသေးဘူးလို့ ဖမ်းဆီးခံရသူ မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

“သူတို့က အရပ်ဝတ်တွေ၊ PDF ယူနီဖောင်းတွေနဲ့ဆိုတော့ သူတို့လည်း ပုံမှန်အတိုင်း အလုပ်လုပ် နေကြတာ။ အနီးကိုရောက်မှ သိရတယ်။ စစ်သားဆိုတာ။ ဖမ်းသွားတာ ၄ ရက်ရှိပြီ။ အခုထိပြန် မလွတ်ပေးသေးဘူး” လို့ သူပြောပါတယ်။

အဆိုပါ နဘုလယ်ဒေသကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေက နဘုလယ်ဒေသ ရေနက်ဆိပ်ကမ်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့ ရေဖြူအခြေစိုက် ခမရ ၄၀၇၊ ကလိန်အောင်အဖြေစိုက် ခမရ ၄၀၈ နဲ့ ခလရ ၂၈၂ တပ်ရင်းတွေက ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလက်ရှိ နဘုလယ်ဒေသမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေတယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေသိရပါတယ်။

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လအထိ စစ်ရှောင်ဦးရေ ၃၀,၀၀၀ ကျော်ရှိပြီး စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှု၊ လက်နက်ကြီးယမ်းသမ်း ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေရဲ့ သတင်းအရင်းအမြစ်တွေအရသိရပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)