ရေး− ထားဝယ်အမှတ် ၈ပြည်ထောင်စုလမ်းမကြီးကို အသွားအလာ မပြုလုပ်ဖို့တော်လှန်ရေးအင်အားစုထုတ်ပြန်

ဧပြီလ ၁ရက် ၂၀၂၄ခုနှစ်

 

မွန်ပြည်နယ်၊ရေးမြို့တောင်ပိုင်းကနေ တနင်္သာရီတိုင်း သရက်ချောင်းမြို့အထိ ရေး−ထားဝယ်အမှတ်၈ ပြည်ထောင်စုလမ်းမကြီးကို သတ်မှတ်ထားတဲ့အချိန်အတွင်းအသွားအလာမပြုလုပ်ကြဖို့ မွန်ပြည်တော်လှန်ရေးတပ် MSRFမှထုတ်ပြန်ထားပါတယ်။

အခုလိုထုတ်ပြန်ချက်ကို မတ်လ ၃၁ရက်နေ့မှာ ထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပြီး အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ညနေ ၆နာရီကနေ မနက် ၆နာရီထိ အသွားအလာကန့်သတ်လိုက်တာဖြစ်တာသလို စစ်ကောင်စီတပ်ဘက်မှ ဆက်သွယ်ရေးနဲ့ ထောက်ပံ့ရေးအတွက် လုပ်ဆောင်နေတာကြောင့် အခုလို့အသွားအလာကန့်သတ်ရခြင်းဖြစ်တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRFမှပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကပြောပါတယ်။

“အကြောင်းအရင်းကတော့သူတို့ ညအချိန်မတော်ပြည်သူတွေရဲ့အရပ်သားကားတွေနဲ့ အရပ်ဝတ်နဲ့ လှုပ်ရှားနေတာတွေ့ရတယ် အဲ့ဒါကြောင့် သူတို့ရဲ့လမ်းကြောင်းပိုင်းကို အဆုံးသတ်ဖို့အတွက်ကျွန်တော်တို့ လမ်းပိတ်လိုက်တာ”လို့ သူကပြောပါတယ်။

ညပိုင်းအချိန်တွေမှာ စစ်ကောင်စီတပ်ဘက်ကအရပ်သားကားတွေနဲ့တပ်အပြောင်းအရွှေ့လုပ်ဆောင်နေသလို မွန်ပြည်နယ်နဲ့ တနင်္သာရီနယ်စပ်ရှိ မလွှဲတောင်ဂိတ်စခန်းနဲ့ ထားဝယ်မြို့နယ်ထဲက စစ်ကောင်စီတပ်ရင်းတွေ မှာလည်း မကြာခဏဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံနေရတယ်လို့ ထားဝယ်မြို့်ခံတစ်ဦးကဆိုပါတယ်။

“ ဒီလိုထုတ်ပြန်လိုက်တာကောင်းတယ်လို့တော့ထင်တယ် စကစတွေကညဘက်တွေဆို အရပ်သားကားတွေနဲ့တပ်အပြောင်းအရွှေ့လုပ်တယ် အဓိကလုပ်တာက ၄၀၈၊၄၀၉၊၄၁၀တပ်တွေကတော့ ဒရုန်းနဲ့တိုက်ခိုက်ခံရတာတော့ရှိတယ်”လို့ဆိုပါတယ်။

ဒါ့အပြင်လမ်းပိုင်းအတွင်းသွားလာတဲ့ ပြည်သူတွေအနေနဲ့လဲ မော်တော်ယာဉ်တွေကို မှန်ချမောင်းပြီးမောင်းနှင်ကာ စစ်ဆေးမှုကို ကြည်ဖြူစွာလက်ခံပေးဖို့်ကို ထုတ်ပြန်ချက်ရေးသားထားပါတယ်။

မွန်ပြည်နယ်နဲ့ ရေး−ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းအတွင်းမှာလည်း စစ်ရေးအရှိန်မြှင့် ဖော်ဆောင်သွားမှာဖြစ်သလို စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်မှန်သမျှကိုလည်း တော်လှန်သွားမှာဖြစ်တယ်လို့ MSRFမှတာဝန်ရှိသူကပြောပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-MSRF

Phar Si Than(People’s Radio Myanmar)