
ဧပြီလ ၅ရက်၊ ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့အလက (၂)တောင်ပေါ်ရပ်စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ကျားဖြူစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဧပြီလ ၃ရက်နေ့မှာ စစ်ကောင်စီတပ်အထိုင်ချထားတဲ့ အလက ၂ တောင်ပေါ်ရပ်စာသင်ကျောင်းကို KNLAပူးပေါင်းတပ်ဖွဲ့တွေဘက်မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၅)ဦးသေဆုံးခဲ့ပါတယ်။
အဲဒီနောက် နေ့လည်၁နာရီကနေ ညနေ ၅နာရီအထိ ထိေတွ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူးဗိုလ်ကျော်ဟိန်းကပြောပါတယ်။
“ ရန်သူဘက်တော်တော်များများဒဏ်ရာရတယ် သူတို့ရဲ့ ဘန်ကာကောင်းတဲ့အတွက် အနောက်ကိုနည်းနည်းလေးပြန်ဆုတ်ထားပေးလိုက်တာပဲရှိတယ် သူတို့ဘက်ဒရုန်းသုံးတယ် မီးလောင်ဗုံးတွေတအားသုံးတဲ့အတွက်ကြောင့်မို့ ချင့်ချိန်ပြီးတော့စစ်ရေးကို ဖော်ဆောင်နေရတယ်”လို့ သူကပြောပါတယ်။
ကော့ကရိတ်မြို့အတွင်းရှိခလရ (၉၇) တပ်ရင်းကနေ လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်တာတွေရှိသလို ဧပြီလ၄ရက်နေ့လည် ၃နာရီအချိန်မှာလည်း စစ်ကောင်စီတပ်ဘက်မှ ဒရုန်းနဲ့မီးလောင်ဗုံးကြဲချခဲ့တာကြောင့် အမှတ်(၅) ရပ်ကွက်နဲ့ အမှတ် (၃)ရပ်ကွက်တွေမှာေနအိမ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
” ဒီနေ့ဆို(၃)နေရာလောက်မီးလောင်တာ ဒရုန်းကြောင့်ပစ်ချတဲ့ ဗုံးကြောင့်လောင်တာ အမှတ်(၅)ကကျတော့ ရတနာလမ်းမှာပြန်လောင်တာ အောက်ကျောင်းကြီးဘုန်းကြီးကျောင်းပေါ့ အဲ့နားမှာရယ် အမှတ်၃တော့လမ်းနာမည်မသိဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင်မြို့တွင်းရပ်ကွက်တွေမှာလည်း မီးငြိမ်းသတ်မဲ့သူတွေမရှိတာကြောင့် ည၉နာရီဝန်းကျင်အထိကို မီးဆက်လက်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
ကော့ကရိတ်မြို့အတွင်း စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာ (၄)လကျော်ကြာမြင့်နေပြီဖြစ်ပြီး ဒေသခံနေအိမ်မီးလောင်တာမှာလည်း (၅၀၀) ဝန်းကျင်ရှိလာကာ ဒေသခံ (၂၀၀၀၀) ဝန်းကျင်မှာလည်း စစ်ရှောင်ကာလကြာမြင့်လာတာကြောင့် နေထိုင်စားသောက်ရေးအတွက် အခက်အခဲတွေကြုံတွေ့နေရတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-ကျားဖြူစစ်ကြောင်း
Phar Si Than (People’s Radio Myanmar)