
မေလ ၇ ရက်၊ ၂၀၂၄ ခုနှစ်
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကုန်းသာကျေးရွာမှာ အမည်မသိ အမျိုးသားအလောင်း ၃ လောင်းကို မေလ ၆ ရက်နေ့က ရွာထဲမှာတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီအလောင်း ၃ လောင်းထဲမှ တစ်လောင်းဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးေနတာဖြစ်ပြီး ၊ ကျန်နှစ်လောင်းကို လည်လှီး သတ်ဖြတ်သွားသလို လည်ပင်းမှာလဲ ‘အနက်ရောင်သေမင်းတမန်’ အဖွဲ့ဆိုတဲ့ စာတန်းနဲ့ ချိတ်ဆွဲထားခဲ့ပါတယ်။
သူတို့ ၃ ဦး ရဲ့ရုပ်အလောင်းကိုလဲ အဲဒီနေ့ည ညည်းနက် ၁၂ နာရီလောက်မှာ အမည်မသိလူတချို့က အိမ်စီးကား ေရာက်လာပြီး ရွာထိပ်၊ ရွာအနောက်စပ် နဲ့ ရွာလည်မှာ လာချသွားတယ်လို့လဲ ကုန်းသာရွာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ် ။
“ တစ်လောင်းက ဗိုက်မှာ သေနတ်ရာနဲ့ နှစ်လောင်းက လည်ပင်းကိုလှီးထားတာ အိမ်စီးကားနဲ့လာချသွားတာ ရွာထဲက လူတွေလည်း ကိုယ့်အိမ်ထဲကိုယ်အသာလေးနေနေရတယ် အလောင်းတွေ လည်ပင်းမှာ အနက်ရောင်သေမင်းတမန်လို့ချိတ်ထားတယ်” လို့ သူကဆိုပါတယ်။
အဆိုပါ အမည်မသိအမျိုးသား ၃ လောင်းဟာ ရွာအနီးအနားနယ်ပယ်က မဟုတ်သလို ဆံပင်ပုံစံကိုလဲ စစ်သားကေဆင်တူညှပ်ထားတဲ့ အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသားတွေဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ယခုကိစ္စနဲ့ပက်သက်ပြီး ပေါင်းတည်ဒေသက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဆက်သွယ်မေးမြန်းခဲ့ချိန်မှာတော့
“ ကျွန်တော် စုံစမ်းရသလောက်ကတော့ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေမဟုတ်ပါဘူး ဘယ်သူတွေမှန်းကို မသိတာ ဖြစ်နိုင်တာကတော့ စစ်မှုထမ်းစုဆောင်းခံရသူတွေပဲထင်တယ် ဆံပင်ပုံစံကလည်း ဆင်တူဆိုတော့” လို့ သူကဆိုပါတယ်။
သေဆုံးအလောင်းတွေကို ၆ ရက်နေ့ ညနေက ပေါင်းတည်မြို့ နဲ့ မှတ်တိုင်ကျေးရွာ ပရဟိတက လာရောက်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
ယခုသေဆုံးသူတွေဟာ မည်သူမည်ဝါဖြစ်ကြောင်း သီးခြားအတည်ပြုနိုင်တာမျိုးမရှိသေးသလို သေမင်းတမန်အဖွဲ့တွေဟာ မည်သူမည်ဝါ ပါဝင်ဖွဲ့စည်းတည်ထောင်ထားလဲဆိုတာကိုလဲ ကျွန်မတို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် ဧပြီလ ၂၂ ရက်နေ့ကလဲ ပဲခူးတိုင်း၊လက်ပံတန်းမြို့နယ်၊ ရေငံအုပ်စု၊ အုတ်ဖိုစုရွာအနီးလမ်းမမှာ အသက်၂၀အရွယ် အမျိုးသားအလောင်းတစ်ခုတွေ့ရှိခဲ့ပြီး သူ့ရဲ့လည်ပင်းမှာလဲ အနက်ရောင်သေမင်းတမန် စာသားကိုချိတ်ဆွဲထားတယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာတွေ့ခဲ့ရပါတယ်။
သတင်း- Naw Drizzle
ပုံ- ပေးပို့