ထားဝယ်ခရိုင် သပိတ်ကော်တီဝင် ကိုမင်းလွင်ဦးရဲ့ ဖခင်ကို စစ်ကောင်စီတပ်က ထောင်ဒဏ်(၂) နှစ်ချမှတ်

ဩဂုတ်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားမှု သပိတ်ကော်မတီဝင်၊ အကြမ်းမဖက်လူထု ဆန္ဒပြပွဲကို ဦးဆောင်လှုပ်ရှားနေတဲ့ ကိုမင်းလွင်ဦးရဲ့ ဖခင်ဖြစ်သူကို ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုလိုက်ပြီးတဲ့နောက်ပိုင်း ထောင်ဒဏ်(၂)နှစ် ချမှတ်လိုက်တယ်လို့ ကိုမင်းလွင်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ ဖခင်ကို စစ်ကောင်စီတပ်က လောင်းလုံမြို့နယ်၊ ပြင်းထိန်ရွာရှိနေအိမ်မှာ ရိုက်နှက် ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ဩဂုတ်လ ၁၂ ရက်နေ့မှာ ကျောင်းသား သမဂ္ဂလက်ပတ်တစ်ခုနဲ့ နှင်းဆီရောင် အမျိုးသမီးသမဂ္ဂအင်္ကျီတစ်ထည် တွေ့ရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖခင်ဖြစ်သူ ဦးအောင်ဖေကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်တရားစွဲဆိုလိုက်ပြီး ဩဂုတ်လ ၂၃ ရက်နေ့မှာ လောင်းလုံမြို့နယ် မြို့နယ်တရားရုံးကနေ ထောင်ဒဏ်(၂)နှစ် အမိန့်ချမှတ်လိုက်ပါတယ်။

“အမိန့်ချလိုက်တာက ၂၃ ရက်နေ့ ညနေပိုင်းလောက်မှာ။ သူတို့ချမှတ်လိုက်တဲ့ ၅၀၅(က)ရဲ့ ပြဌာန်းချက်နဲ့ မကိုက်ညီဘူး။ အိမ်မှာတွေ့တယ်ဆိုတဲ့ ကျောင်းသားသမဂ္ဂအင်္ကျီနဲ့ လက်ပတ်တွေ့တယ်ဆိုတာကလည်း ကျနော့်ဟာတွေပေါ့နော်။ အဲ့တာတွေရှိတယ်ဆိုတာ အိမ်ကသိရင်လည်း ဒီတိုင်းထားမှာမဟုတ်ဘူးလေ။ ဘယ်ဥပဒေရှုထောင့်နဲ့မှ မကိုက်ညီဘူး” လို့ သူကအခုလိုပြောပါတယ်။

အခုလက်ရှိ ကိုမင်းလွင်ဦးရဲ့ ဖခင်ကို လောင်းလုံမြို့မရဲစခန်းမှာ ချုပ်နှောင်ထားဆဲဖြစ်ပြီး ထားဝယ်ထောင် ကိုလည်း ပြောင်းရွှေ့မယ်လို့ ပြောဆိုနေကြပေမယ့် People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။

ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက “ပုံမှန်က လောင်းလုံမှာ အချုပ်ဘဲရှိတာလေ။ အမိန့်ချပြီးတဲ့ နိုင်ငံရေးအကျဉ်သားတွေဆိုရင် ထားဝယ်ထောင်ကို ပို့လေ့ရှိတယ်။ လောင်းလုံမြို့မ ရဲစခန်းထဲမှာ အမိန့်ချပြီးသား နိုင်ငံရေးအကျဉ်းသားတွေရှိတယ်။ ကြားရတာက ထားဝယ်ထောင်ကို ရွှေ့မယ်လို့ ကြားရတယ်” လို့ ဆက်ပြောပါတယ်။

အကြမ်းမဖက်လူထုဆန္ဒပြပွဲကို ဦးဆောင်နေတဲ့ ကိုမင်းလွင်ဦးကတော့ စစ်ကောင်စီတပ်တွေက အာဏာရှင်ပီပီ ပြည်သူလူထုအပေါ်မှာ အကြမ်းဖက်နှိပ်စက် ထောင်ချတာတွေလုပ်နေကြပြီး ဖမ်းဆီးထောင်ချလိုက်တာနဲ့ လူတစ်ယောက်ရဲ့ ယုံကြည်မှုကို ဖျက်ဆီးနိုင်မှာမဟုတ်တာကြောင့် အာဏာရှင်ကျဆုံးသည်အထိ ဆက်လက်တော်လှန်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထားဝယ်ခရိုင် သပိတ်ဦးဆောင်သူ ကိုမင်းလွင်ဦးကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့မှာ နယ်မြေအေးချမ်းမှုကို ထိခိုက်အောင်လုပ်ဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးပေးသူကို ကျပ်သိန်း ၃၀၀ ချီးမြှင့်မယ်လို့ ကြော်ငြာထားပါတယ်။

စစ်ကောင်စီတပ်က ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုဥက္ကဌ မသီရိမိုးရဲ့ မိခင်ဖြစ်သူကိုလည်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သလို့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ကလည်း ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုဝေယံစိုးရဲ့ မိသားစု နေအိမ်ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသအတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ထားဝယ်ခရိုင်အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားနေသူတွေရဲ့ မိသားစုတွေကို ဖမ်းဆီးထောင်ချတာ၊ သတ်ဖြတ်တာတွေနဲ့ နေအိမ်တွေမီးရှို့တာကိုလည်း စစ်ကောင်စီတပ်နဲ့ အပေါင်းပါတွေက လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)