
နိုဝင်ဘာလ ၂၄ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ သပြေရှောင်ရွာက တဲ(၃၀)ကျော်နဲ့ ဆိုင်ကယ် (၂၁)စီးကို သပြေရှောင်ရွာထဲ ရေလမ်းကနေ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သပြေရှောင်ရွာ ဒေသခံတွေ ဆီကနေ သိရပါတယ်။
နိုဝင်ဘာလ ၂၃ရက်နေ့၊ မနက်၁၀နာရီလောက်မှာ စစ်ကောင်စီတပ်သား အင်အား(၇၀)လောက်နဲ့ ထားဝယ်မြစ်ကနေ စစ်သင်္ဘောနဲ့ ဝင်ရောက်လာပြီး ဒေသခံအချို့ကို ဖမ်းဆီးကာ ရွာထဲက နေအိမ်တွေကို မွှေနှောက်ပြီး တန်ဖိုးရှိပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ သပြေရှောင်ရွာရှိ ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
“ ထားဝယ်မြစ်ထဲမှာ စစ်သင်္ဘာကို ကျောက်ချပြီးလှေငယ်သုံးစီးနဲ့ ရွာထဲကို ဝင်လာတယ်။ ဆိပ်ကမ်းကနေ တခါတည်းဝင်လာပြီး ရွာသားတွေကို အရင်ဖမ်းတယ်။ ပြီးတော့ ရွာထဲလိုက်မွှေတယ်” လို့သူကအခုလိုပြောပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သားတွေက စစ်ရှောင်နေရတဲ့ ဒေသခံတွေရဲ့ နေအိမ်ကနေ စားနပ်ရိက္ခာနဲ့တန်ဖိုးရှီပစ္စည်းတွေအပြင် နေအိမ်တစ်ဆောင်ကနေ ငွေကျပ် သိန်း(၄၀)ကိုလည်းယူဆောင်သွားတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
“ ရွာထဲက အိမ်တွေကို ရိုက်ဖြိုခဲ့တယ်။ တချို့အိမ်ဆိုင်တွေကနေ အစားအသောက်တွေ ယူသွားတာရှိတယ်။ ပြီးတော့ ပိုက်ဆံ သိန်း (၅၀)ပါသွားတာ။ တောင်းတောင်းပန်ပန်နဲ့ ပြန်သွားတောင်းတော့ (၁၀)သိန်းတော့ပြန်ပေးခဲ့တယ်” လို့ သူက အခုလိုပြောပါတယ်။
ဒါ့အပြင်အဲ့ဒီစစ်ကောင်စီတပ်သားတွေက သပြေရှောင်ရွာ ဆိမ်ကမ်းမှာရှိတဲ့ ရေလုပ်ငန်းလုပ်ကိုင်နေသူတွေရဲ့ တဲ အလုံး(၃၀)ကျော်နဲ့ ဆိုင်ကယ် ၁၁စီးကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် သပြေရှောင်ရွာစာသင်ကျောင်းအရှေ့မှာလည်း ဒေသခံတွေရဲ့ ဆိုင်ကယ် ၁၁စီးကိုလည်း မီးရှို့ခဲ့သေးတယ်လို့ သပြေရှောင်ရွာ ဒေသခံတွေဆီကနေ သိရပါတယ်။
သပြေရှောင်ရွာရှိ ဒေသခံတစ်ဦးက “ တဲတွေကတော့ ရွာကလူတွေရဲ့ တဲတွေလည်းရှိတယ်။ အထက်မြို့တွေကနေလာပြီး အလုပ်လာလုပ်နေသူတွေရဲ့ တဲတွေလည်း ပါတယ်။ ဆိုင်ကယ်တွေအကုန်မြင်သမျှမီးရှို့သွားတယ်။ ရွာထဲရော ဆိပ်ကမ်းရောပေါ့နော်။ ချွေးနဲစာနဲ့ဝယ်ထားတဲ့ ပစ္စည်းတွေဆိုတော့ ဝမ်းနည်းမိတာပေါ့” လို့သူက အခုလိုဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေက သပြေရှောင်ရွာရှိ နေအိမ်တွေရဲ့ နံရံတွေမှာ “ ဆန္ဒပြရင် ဒီထက်ဆိုးမယ်၊ PDFအားပေးရင် ဒီထက်ဆိုးမယ်” ဆိုတဲ့ ခြိမ်းခြောက်စာတွေကို ရေးသားခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၃ရက်နေ့၊ ည ၁၀နာရီလောက်မှာတော့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ပြန်လွှတ်ပေးလိုက်ပြီး ပြန်လည်ထွက်ခွာသွားပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လကလည်း စစ်ကောင်စီတပ်တွေက သပြေရှောင်ရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ အတွင်း တနင်္သာရီတိုင်းထဲရှိ ရေဖြူမြို့နယ်၊ လောင်းလုံမြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် (၄၀)ကျော်လောက် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ပုံ – CJ
Phar Si Than (People’s Radio Myanmar)