စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ချောင်းနှစ်ခွကျေးရွာကနေအိမ်(၅)လုံးထပ်မံမီးလောင်

 

နိုဝင်ဘာလ ၂၄ရက်၊ ၂၀၂၃ခုနှစ်

 

မွန်ပြည်နယ်၊ ကျိုက်မရောမြိုု့နယ်၊ ချောင်းနှစ်ခွကျေးရွာအတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့်ကျေးရွာအတွင်းက နေအိမ်(၅)လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နိုဝင်ဘာလ(၂၃)ရက်နေ့ မနက်(၁၀)နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ တောင်ကလေးရဲစခန်းကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် မွန်စုဘက်ကိုလက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်(၅)လုံးထပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ ချောင်းနှစ်ခွကျေးရွာသားတစ်ဦး ပြောပါတယ်။

“၂၃ရက်နေ့မနက်ကပစ်ခတ်သံတွေထွက်လာတယ်မကြာဘူးတောင်ကလေးဘက်ကနေလက်နက်ကြီးနဲ့ပစ်တယ်အချက်(၂၀) (၃၀)လောက်ပစ်တယ်ပစ်ပြီးမကြာဘူးချောင်နှစ်စု ဇရပ်ရဲ့ ညာဘက်ခြမ်းအိမ်စုတွေပေါ်ကို ကျပြီးတော့မီးစပြီးစွဲတာမီးလောင်တဲ့ပုံစံပေါ့ မီးခိုးတွေ တွေ့ရတယ်မီးလုံးတွေတွေ့ရတယ် မီးက(၃)နာရီကျော်လောက်မှသေတာအဲ့တာတောင်မှ မဆက်တဲ့အိမ်တွေကြားထဲရောက်ပြီးတော့ ဆက်မကူးတော့တာအဲ့ဒီ(၅)အိမ်ကစုနေတယ် တခြားအိမ်တွေကနည်းနည်းခြားသွားလို့” သူကပြောပါတယ်။

ဒါ့အပြင် ည၁၁နာရီဝန်းကျင်အချိန်ချောင်းနှစ်ခွကျေးရွာအနီး ကင်းလှည့်သွားလာနေတဲ့ စစ်ကောင်စီတပ်သားတွေကို KNLAပူးပေါင်းတပ်ဖွဲ့တွေဘက်မှ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒီနေ့ နိုဝင်ဘာလ၂၄ ရက်နေ့မနက်၆နာရီအချိန်မှာ အလောင်းလာကောက်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့လည်းနှစ်ဖက်ထိတွေ့ပစ်ခတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကသေဆုံးမှုတွေလည်းရှိတယ်လို့  KNLAသတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။

“မနက်ကျတော့အလောင်းလာကောက်တဲ့အချိန်ထိတွေ့မှုရှိတယ် ပွဲရယ်လို့တော့မဟုတ်ဘူး သူတို့ထွက်လာတာဒရုန်းနဲ့ကြဲလိုက်တာ ည၁၁ခွဲလောက်ရှိတယ် မနက်ကတော့ ၆ခွဲလောက်ပေါ့ အလောင်းလာကောက်တဲ့ အချိန်မှသူပစ်ကိုယ်ပစ် ပစ်ကြတာ အဲ့ဒီအချိန်လည်းသူတို့ ဘက်ကအသေအပျောက်ရှိတယ်လို့”လို့သူကပြောပါတယ်။

အခုလိုစစ်ကောင်စီတပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ နှစ်ဖက်ထိတွေ့တိုက်ပွဲ တွေဆက်လက်ဖြစ်ပွားနေတာကြောင့် ချောင်းနှစ်ခွကျေးရွာက ဒေသခံပြည်သူ(၄၀၀၀)ဝန်းကျင်လောက်ဟာ နေရပ်မပြန်နိုင်သေးပဲ မုဒုံမြို့ ၊ကျိုက်မရောမြို့နဲ့ အနီးအနားကျေးရွာတွေမှာ သွားရောက်တိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၀ရက်နေ့ကနေအခု ၂၄ရက်နေ့အထိကို စစ်ကောင်စီတပ်လက်နက်ကြီးနဲ့ပစ်ခတ်တာလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ချောင်းနှစ်ခွကျေးရွာကနေအိမ်အလုံး(၂၀)ထပ်မနည်းမီးလောင်ခဲ့ပြီး နောက်ထပ်နေအိမ်(၃၀) ကျော်လောက်ကလည်း ပျက်စီးသွားတယ်လို့ ကျေးရွာနေဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than (People’s Radio Myanmar)