
စက်တင်ဘာလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့ပေါ်ရှိ စစ်တပ်အထိုင်တပ်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့၊ နေ့လည် ၁၁ နာရီဝန်းကျင်လောက်မှာ တနင်္သာရီမြို့ပေါ်ရှိ လေသာတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်အထိုင်တပ်တွေက ဘန်လောရွာ၊ လယ်တောင်ယာရွာနဲ့ ခြေတော်ယာဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။
“မြို့ပေါ်ကနေထုတာ။ မြို့ပေါ်က လေသာတောင်ပေါ်မှာ တပ်စွဲထားတာကြာပြီး။ သူတို့က အဲ့ကနေဘဲ လှမ်းလှမ်းထုတာ။ တချို့တွေဆိုကြောက်လို့ ရွာထဲတောင်မပြန်ရဲကြဘူး။ သူတို့လက်နက်ကြီးပစ်လို့ သေတဲ့လူကသေ၊ ဒဏ်ရာရတဲ့ လူတွေလည်းအများကြီး၊ ချွေးနဲစာနဲ့ဆောက်ထားတဲ့ အိမ်တွေလည်း ပျက်စီးကုန်တာ” လို့ သူကအခုလိုပြောပါတယ်။
စစ်တပ်တွေက နေ့လည် ၁၁ နာရီကနေ ၂ နာရီကျော်လောက်ထိ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့ပြီး ဘန်လောရွာထဲကိုတော့ လက်နက်ကြီးကျည် ၄ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။
“နေ့လည်ရောက်ရင် သူတို့က ပုံမှန်အချိန်လိုဘဲထုတာ။ မနေ့က ၁၂၀ မမ တွေနဲ့ဘဲလှမ်းထုတယ်။ မြို့ပေါ်မှာက တပ်ရင်းမရှိဘူး။ အနီးမှာတော့ ၅၅၇ တပ်ရင်းရှိတယ်။ မြို့ပေါ်မှာက လက်နက်ကြီး အထိုင်ချထားတဲ့နေရာဘဲရှိတာ” လို့ သူကအခုလိုပြောပြပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ရွာတွေက နေအိမ်နဲ့ ပြည်သူတွေထိခိုက်မှု ရှိ မရှိကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။ စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုတွေကို နေ့တိုင်းနီးပါး လုပ်ဆောင် နေတာကြောင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာတွေဖြစ်တဲ့ ဘန်လောရွာ၊ ရမ်းဖိုရွာ၊ ကမ်းတိုရွာ၊ ဘန်းလမွတ်၊ ညောပင်ကုန်း၊ တမုတ်ချုံး၊ လယ်တောင်ယာ စတဲ့ကျေးရွာတွေက ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတော်လှန်ရေးတပ်တွေဆီကနေ သိရပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့က ဖြတ်သန်းခွင့်မပေးတဲ့ တနင်္သာရီမြို့အဝင်ရှိ ဇဝဲစစ်ဆေးရေးဂိတ်ကိုတော့ အခုလက်ရှိမှာ ဖြတ်သန်းသွားလာခွင့်ပေးလိုက်ပေမယ့် ရိက္ခာသယ်ယူခွင့်ကိုတော့ အကန့်အသတ် သယ်ယူနေရတယ်လို့ သိရပါတယ်။
စစ်တပ်က အခုလို ရိက္ခာသယ်ယူခွင့်တွေပိတ်လိုက်တာကြောင့် စစ်ဘေးရှောင်တွေအတွက် အခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး မိုးတွင်းရာသီဖြစ်တာကြောင့် ရာသီတုပ်ကွေးနဲ့ နေရာထိုင်ခင်း တွေလည်း အခက်အခဲဖြစ်နေတယ်လို သိရပါတယ်။
တနင်္သာရီမြို့နယ်ဒေသခံတစ်ဦးက “ဂိတ်ကတော့ သွားလာနေကြတာပါဘဲ။ ဒါပေမဲ့ ဆန်တွေလို သလောက်သယ်လို့မရဘူး။ စစ်ဆေးတင်းကြပ်တယ်။ သူတို့အခုလို ကန့်သတ်ထားတော့ စစ်ရှောင်နေရတဲ့သူတွေအတွက် အခက်အခဲဖြစ်တယ်လေ။ ပြည်သူတွေပေါ်လည်းမကြည့်ပေးဘူး။ ထင်ရာတွေလျှောက်လုပ်နေကြတယ်။ တခါတလေ အဲ့ဂိတ်မှာ ပိုက်ဆံအတင်းတောင်းတယ်” လို့ သူကဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ အမတ ၃၀၆၊ ခမရ ၅၆၁ နဲ့ လေသာတောင်ပေါ်ရှိ စစ်တပ်အထိုင်တပ်တွေကနေ တနင်္သာရီမြို့နယ်ရှိ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ နေ့တိုင်းလိုလို ပစ်ခတ်လေ့ရှိတာကြောင့် မြို့အနီးမှာရှိတဲ့ ဘိုးဘွားရိပ်သာက သက်ကြီးရွယ်အိုတွေထိတ်လန့်နေပြီး ဆေးဝါးကုသမှုတွေခံယူ နေရတယ်လို့ ဒေသအတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ မထီမဲ့မြင်ပစ်ခတ်မှုတွေကြောင့် တနင်္သာရီမြို့နယ်အတွင်း ဒေသခံ ၃၀ ကျော်ထက်မနည်း ထိခိုက်သေဆုံးတာတွေရှိပြီး နေအိမ် ၂၀ ကျော်ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်တွေနဲ့ စစ်ဘေးရှောင်အရေးကူညီနေသူတွေရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
သတင် – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)