
စက်တင်ဘာလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်
စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်ရှိ ပိတပ်ကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် စစ်တပ်ဘက်က အရာရှိတစ်ဦး အပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့ မနက် ၅ နာရီ မိနစ် ၂၀ လောက်မှာ ပလဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀ ပါ စစ်တပ်စစ်ကြောင်းနဲ့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မနက် ၅ နာရီကနေ ၁၂ နာရီလောက်ထိ အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“ကျနော်တို့က ပိတပ်ရွာနဲ့ တိုရွာအစပ် စစ်တပ်ကဝင်လာနိုင်တဲ့လမ်းတွေမှာ မိုင်းတွေထောင်ထားရှိတယ်။ အဲ့ဒီမိုင်းတွေရဲ့အခြေအနေကိုစစ်ဆေးဖို့ သွားတဲ့အချိန် အဲ့ဒီနားဝန်းကျင်ကို ကြိုတင်ရောက်နေတဲ့ စစ်တပ်တွေက စပစ်တော့ တိုက်ပွဲစဖြစ်တာ” လို့ သူကအခုလိုပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်တပ်ရဲ့ ခလရ ၂၈၅ တပ်ရင်းနဲ့ စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီး၊ အမြောက်တွေနဲ့ ဆက်တိုက်ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ အရာရှိတစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရှိခဲ့တယ်လို့ တိုက်ပွဲအတွင်းပါဝင်တဲ့ ရဲဘော်တစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။
“လက်နက်ကြီးက ခလရ ၂၈၅ ကပစ်တာ။ စစ်သင်္ဘောကနေ အမြောက်တွေနဲ့ ကူပစ်တယ်။ ကျနော်တို့ရှေ့မှာထိတာ။ အရာရှိဆိုတာသိသာတယ်” လို့ သူကအခုလိုပြောပြပါတယ်။
ပိတပ်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်တွေက ပိတပ်ရွာထဲရှိ နေအိမ်တွေကို မွှေနောက်ပြီး တန်ဖိုးရှိပစ္စည်း၊ ရွှေငွေတွေနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း ယူဆောင်သွားကာ နေအိမ်တွေကိုလည်း ရိုက်ဖြိုခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးရဲ့ပြောပြချက်အရသိရပါတယ်။
အဲ့ဒီနောက် စစ်သားတွေက ပိတပ်ကျေးရွာရှိ အသက် ၂၀ အရွယ် ကိုရုပ်ဆိုးဆိုတဲ့ အမျိုးသားတစ်းဦကို သေနတ်နဲ့ပစ်သတ်ခဲ့ပြီး ပိတပ်ရွာက ဒေသခံအချို့ကိုလည်း လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ကာ စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီလောက်က ပိတပ်ရွာဘက်ကနေ တပ်ပြန်ဆုတ်သွား တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းရဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
“တိုက်ပွဲဖြစ်နေတုန်းဝင်မွှေတာပါ။ အနီးကပ်တိုက်ပွဲမျိုးမဟုတ်တော့ ရှေ့မှာပစ်နေတဲ့အချိန် နောက်မှာချန်ခဲ့တဲ့ တပ်စုက ဝင်မွှေတာမျိုးဖြစ်တယ်။ ဖမ်းဆီးခံရတဲ့ ရွာသားဦးရေကိုတော့ အတည်ပြုဖို့ ကြိုးစားနေဆဲပါ။ ရွာသားတွေက တကွဲတပြားထွက်ပြေးကြတော့ အတည်ပြုဖို့ခက်နေတယ်။ မနေ့က ၁၂ နာရီဝန်းကျင်လောက်မှာ တပ်ပြန်ဆုတ်သွားတယ်။ ဘယ်ကိုထွက်သွားလဲဆိုတာတော့ မသိရဘူး” လို့ သူက အခုလိုဆိုပါတယ်။
အဆိုပါတိုက်ပွဲကြောင့် ပိတပ်ရွာနဲ့ နီးစပ်ရာရွာတွေက ဒေသခံ ၁၀၀ ကျော် ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်သွားပြီး ကျမတို့ People’s Radio Myanmar အနေနဲ့ ဒေသခံတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လိုင်းအခြေအနေ အခက်အခဲတွေကြောင့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။
စက်တင်ဘာလ ၁၁ ရက်နေ့ ညမှာမှာလည်း စစ်တပ်ရဲ့ ခလရ ၂၈၅ တပ်ရင်း၊ တိုတောင်နဲ့ စစ်သင်္ဘောတွေကနေ ပိတပ်ရွာ၊ မြဒေါင်ရွာ၊ တိုရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။ အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပိတပ်ရွာထဲနယ်မြေ ရှင်းလင်းရေးလုပ်တဲ့အချိန် စစ်တပ်တွေရဲ့ ၅.၅၆ ကျည်တောင့် ၂၅၀ ကို သိမ်းဆည်းရရှိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းရဲ့ တာဝန်ရှိသူရဲ့ ပြောပါတယ်။
မနေ့ညက စစ်တပ်ရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မြိတ်ခရိုင်တပ်ရင်း ၁ ရဲ့ ရဲဘော်တစ်ဦး ဖြစ်တဲ့ တပ်စိတ်မှူး ဇင်ကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေရာမှာတင် ပွဲချင်းပြီး ကျဆုံးသွားတယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက “တိုက်ပွဲအတွင်းထိခိုက်တာတော့မရှိဘူး။ ညတုန်း လက်နက်ကြီးက ကိုဇင်ကိုအနားကို တည့်တည့်လာကျတာ။ နေရာမှာဘဲ့ ပွဲချင်းပြီးဆုံးသွားတယ်” လို့ သူကပြောပါတယ်။
အခုလက်ရှိမှာတော့ ပုလောမြို့နယ်အတွင်း နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ အရေးကြီးစာရွက်စာတမ်း၊ တန်ဖိုးရှိ ပစ္စည်းတွေကို သေချာထုပ်ပိုးဖို့နဲ့ စစ်ရေးသတိအမြဲရှိနေဖို့ ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်း တပ်တွေက သတိပေးထုတ်ပြန်ထားပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)