ငါးလကျော် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရငဲရွာက စစ်ဘေးရှောင်တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရ


နိုဝင်ဘာလ ၇ရက်နေ့၊ ၂၀၂၃ခုနစ်

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြိုနယ်၊ ရငဲရွာမှာ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်တပ်က ဖမ်းဆီးပစ်ခတ်တာတွေကြောင့် ငါးလကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရငဲရွာက ဒေသခံတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရတယ်လို့ ရငဲရွာဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မေလကတည်းက ရငဲရွာရှိ မြွေတောင်ပေါ်မှာ စစ်ကောင်စီတပ်တွေက အင်အား (၅၀)လောက်နဲ့ တပ်စွဲနေထိုင်နေပြီး ရွာထဲကနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ရွာသားတွေကို အကြောင်းမဲ့ ဖမ်းဆီးပြီး အလောင်းဖျောက်သတ်ပစ်တာတွေကို လုပ်ဆောင်နေတာကြောင့် ရွာလုံးကျွတ် ဘေးလွတ်ရာ တောတောင်တွေနဲ့ နီးစပ်ရာရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရငဲရွာရှိ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ရှောင်နေရတာ ငါးလေကျော် (၆)လနီးပါး ကြာလာတဲ့အတွက် ဒေသခံတွေအနေနဲ့ စားဝတ်နေရေးခက်ခဲလာတာကြောင့် တချို့ရွာသားတွေက လယ်ယာလုပ်ငန်းတွေကို အသက်နဲ့ရင်းပြီးလုပ်ကိုင်နေကြရသလို တချို့ရွာသားတွေကတော့ လယ်ယာလုပ်ငန်တွေကို ဆက်လုပ်ကိုင်ဖို့ ကြောက်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ စစ်တပ်မရှိတဲ့အချိန် လယ်ဝင်လုပ်ပြီးတော့ စစ်တပ်က ပစ်နေရင်လည်း ဝပ်ပြီးနေကြတယ်။ မလုပ်ရင်လည်း လယ်တွေဆုံးကုန်ပြီး နောက်နှစ်က ထမင်းငတ်ပြီလေ။ သူတို့ကတော့ ရှိနေရင် တေမျှစားလို့ရတယ်လို့ ပြောကြတယ်။ တချို့ကလည်း အိမ်ပစ်လယ်ပစ်ပါဘဲ” လို့ သူကအခုလို ပြောပြပါတယ်။
ရငဲရွာမှာ စစ်ဘေးရှောင်ဦးရေ (၂၀၀၀)ကျော်လောက်ရှိပြီး အဲ့ဒီထဲမှာမှ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေက ရာသီတုပ်ကွေးနဲ့ ဖျားနာတာတွေ အများဆုံးဖြစ်ပြီး တခါတရံ ဆေးဝါးမလုံလောက်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ရငဲရွာရှိ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ တစ်ရွာဝင်တစ်ရွာထွက် ရှောင်ရတော့ အခက်အခဲတွေက အများကြီးပါ။ တချို့တွေဆို ရငဲရွာကလို့ ပြောရင် လက်ခံရဲကြတော့ဘူး။ တခြားရွာတွေက အိမ်အလွတ်တွေမှာ လိုက်တောင်းနေရပါတယ်။ ဘုန်းကြီးကျောင်းမှာနေကြပြီး ရတာလုပ်နေတာပါဘဲ့။ ပေးတဲ့ဟာစားရင်းနေကြတယ်” လို့ သူကအခုလိုဆိုပါတယ်။
ရငဲရွာမှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်ခဲ့တဲ့ အချိန်ကစပြီး ရွာသားတွေကို အကြောင်းမဲ့ ပစ်သတ်တာကြောင့် ဇွန်လ (၁၁)ရက်နေ့ကလည်း အသက် (၂၃)နှစ်အရွယ် ကိုဝေယံဟိန်း အပါအဝင် အောက်တိုဘာလ (၁၇)ရက်နေ့နဲ့ (၂၆)ရက်နေ့တွေမှာလည်း ရငဲရွာသား(၃)ဦး စုစုပေါင်း (၄)ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
ဒါ့အပြင် မြွေတောင်ပေါ်ကနေ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်တာ နေအိမ်တွေကို ဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူတာနဲ့ မီးရှို့တာတွေကြောင့် နေအိမ် ၁၀ကျော်နဲ့အထက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေ အရသိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုတွေကြောင့် သရက်ချောင်းမြို့နယ်ထဲက ရငဲရွာအပါအဝင် ကျေးရွာ (၆)ရွာလောက်က ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)