
ဒီဇင်ဘာလ ၅ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်၊ ထုံခါရွာအနီးရှိ အကျဉ်းသားတွေ၊ ထောင်ဝန်ထမ်းတွေ စွန့်ခွာသွားပြီဖြစ်တဲ့ ဆင်ဖြူရှင်(၄) ရဲဘက်အကျဉ်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က မီးရှို့ဖျက်ဆီးလိုက်တယ်လို့ KTLA-tcjf ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ရက်နေ့က အကျဉ်းစခန်းမှာရှိတဲ့ အကျဉ်းသားတွေ၊ နဲ့ ပစ္စည်းတွေကို ကျောက်တင်ကား (၄) စီးနဲ့ စတင်ပြောင်းရွှေ့ပြီး နိုဝင်ဘာလ ၃၀ရက်နေ့မှာတော့ ထောင်ဝန်ထမ်းမိသားစုတွေနဲ့ ကျန်ရှိနေတဲ့ ပစ္စည်းတွေကို အပြီးရွှေ့ပြောင်းသွားတာ ဖြစ်တယ်လို့ KTLA-tcjf ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီဆီက ဆိုပါတယ်။
“ စကစက လုံခြုံရေးမပေးနိုင်တော့လို့ ပြောင်းရွှေ့သွားတယ်လို့ ယူဆရတယ်။ ရေဖြူဗျူဟာနဲ့ (၃)မိုင်အကွာလောက်ဘဲရှိတဲ့ နေရာကိုတောင်မှ လုံခြုံရေးမပေးနိုင်တော့တဲ့ အနေအထားပါ။ အထဲမှာ ဘာမှကိုမကျန်အောင် ရွှေ့သွားတာ” လို့သူက အခုလိုပြောပါတယ်။
အဲ့ဒီထုံခါအကျဉ်းစခန်းကို စစ်ကောင်စီတပ်သားတွေက မကြာခဏ လာရောက်တပ်စွဲလေ့ရှိပြီး အကျဉ်းစခန်းရွှေ့ပြောင်းပြီးမှ စစ်ကောင်စီတပ်သားတွေက အင်အား (၂၀)လောက်နဲ့ ကင်းပုန်းလာဝပ်တာတွေ ရှိနေတယ်လို့ ကိုစိုင်းညီက ပြောပါတယ်။
ဒီဇင်ဘာလ ၃ရက်နေ့၊ နေ့လည် ၁၂နာရီလောက်မှာ အကျဉ်းသားတွေရော ထောင်ဝန်းထမ်း မိသားစုတွေပါ ရွှေ့ပြောင်းသွားပြီဖြစ်တဲ့ ဆင်ဖြူရှင်(၄) ရဲဘက်စခန်းကို ဝင်ရောက်မီးရှို့ခဲ့ပြီး အပြန်အလှန်ပစ်ခတ်တာတွေတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
အကျဉ်းဦးစီးဌာနက ပြည်ထဲရေးအောက်မှာရှိတဲ့ ဌာနတစ်ခုဖြစ်တဲ့အပြင် စစ်ကောင်စီတပ်တွေနဲ့ အမြဲချိတ်ဆက်ပြီး စစ်ကောင်စီတပ်သားတွေကလည်း အမြဲစခန်းချလာရောက်နေထိုင်လေ့ရှိတာကြောင့် အခုလိုမီးရှို့ဖျက်ဆီးရတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ကိုစိုင်းညီက “ အကျဉ်းဦးက ပြည်ထဲရေးလက်အောက်မှာရှိတဲ့ ဌာနတစ်ခုဖြစ်တယ်။ ပြီးတော့ ကျနော်ပြောသလို စစ်တပ်က အမြဲတပ်လာစွဲတယ်။ ရွှေ့ပြောင်းပြီးတော့ ၂ရက် တစ်ကြိမ်၊ ၃ရက်ကြိမ် စစ်သားတွေက (၄)စခန်းအဆောက်အအုံတွေကို ကာဗာယူပြီး ကင်းပုန်းလာဝပ်ကြတယ်” လို့ ဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်အတွင်း အကျဉ်စခန်းရှိ အုတ်နဲ့ဆောက်လုပ်ထားတဲ့ အဆောက်အအုံ (၃)ခုကလွဲပြီး ကျန်တဲ့အဆောက်အအုံတွေ အကုန်မီးလောင် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လုပ်ဆောင်ချက်ကို KTLA-tcjf၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းနဲ့ People Liberation Armay (PLA) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ထုံခါရဲဘက်အကျဉ်းစခန်းရှိ အကျဉ်းသားတွေ၊ ထောင်ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေဟာ မြိတ်မြို့နယ်ရှိ ကျောက်ဖြူတောင်ရဲဘက်စခန်းကို ရွှေ့ပြောင်းသွားကြတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။
ထုံခါအကျဉ်းစခန်းဟာ ရာဇဝတ်မှုကျူးလွန်ထားတဲ့ အကျဉ်းသားတွေနဲ့ ရဲဘက်ဆိုင်ရာ အကျဉ်းသားတွေ အများဆုံးရှိတဲ့ အကျဉ်းစခန်းတစ်ခုဖြစ်ပြီး တနင်္သာရီတိုင်းထဲမှာ ပုလောမြို့နယ်ရှိ နတ်စင်ကုန်း အလုပ်ကြမ်းစခန်း၊ မြိတ်မြို့နယ်ရှိ ကျောက်ဖြူတောင်ရဲဘက်စခန်းနဲ့ တနင်္သာရီမြို့နယ်ရှိ ထုံခါရဲဘက်စခန်း(ခေါ်) ဆင်ဖြူရှင် စိုက်ပျိုးရေးမွေးမြူရေးနဲ့ အသက်မွေးအလုပ်သင်စခန်းတွေ ရှိပါတယ်။
သတင်း – နော်အယ်နီး
ပုံ – KTLA-tcjf
Phar Si Than (People’s Radio Myanmar)