
ဒီဇင်ဘာလ ၁၂ရက် ၂၀၂၃ခုနှစ်
ပဲခူးတိုင်း၊သာယာဝတီခရိုင် နတ်တလင်းမြို့နယ်ရှိစမ်းကြီးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို နယ်မြေခံတော်လှန်ရေးအင်အားစုတွေမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သားတစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
ဒီဇင်ဘာလ၁၀ရက်နေ့ မနက် ၁၀နာရီဝန်းကျင်အချိန်မှာ ကြသောင်းကုတင်ဘုန်းကြီးကျောင်းကနေ စမ်းကြီးရွာဘက်ကို အင်အား(၃၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို ဂျပန်ကျွန်းခင်းအရောက်မှာ နယ်မြေခံတော်လှန်ရေးအင်အားစုက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သားတစ်ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နတ်တလင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အဲ့ဒီစစ်သားတွေကဘယ်ကနေလာလည်းဆိုတာပဲသိရတာ ဘယ်တပ်ရင်းကလည်း ဆိုတာကိုတော့အခုအကျမသိရသေးဘူးတပ်ရင်းကိုတော့ကျွန်တော်တို့စုံစမ်းနေတုန်းပါ ကျွန်တော်တို့ဘက်ကတော့မိုင်းဆွဲပြီးတော့ သူတို့ဘက်တော့ လက်နက်ငယ်တွေနဲ့ (၁၅)မိနစ်လောက် ပြန်ပစ်တယ်မိုင်းကတော့သုံးလုံးတွဲပါတစ်ယောက်ကတော့သေတာပေါ့” လို့ သူကပြောပါတယ်။
နတ်တလင်းမြို့ အရှေ့ပိုင်းမှာ စစ်တပ်နဲ့နယ်မြေခံတော်လှန်ရေးအင်အားစုတွေတိုက်ပွဲ မကြာခဏဖြစ်ပွားလေ့ရှိသလို ညဘက်ပိုင်းအချိန်တွေမှာဆိုရင်လည်း စစ်တပ်ဘက်က လက်နက်ကြီးနဲ့ နတ်တလင်းမြို့အရှေ့ဘက်ကကျေးရွာတွေကို ရမ်းသမ်းပစ်ခတ်လေ့ရှိတယ်လို့ နတ်တလင်းမြို့ဒေသခံတွေတဆိုပါတယ်။
“တိုက်ပွဲကတော့မြို့ထဲသိပ်မဖြစ်ဘူး မြို့အရှေ့ဘက်မှာဖြစ်တာများတယ် အခြေအနေကတော့ အရမ်းကြီးဆိုးတဲ့ထဲမပါဘူး လက်နက်ကြီးသံတွေလည်းကြားရတယ် ညဘက်တွေဆို နတ်တလင်း အရှေ့ဘက်အခြေအနေပေါ့ စစ်တပ်ဘက်ကတော့တကူးတက ဆိုင်ကယ်စစ်ဆေးတာမျိုးတော့မရှိဘူး သူတို့လာတာနဲ့တိုးရင်တော့ ဆိုင်ကယ်လိုင်စင်ဖမ်း တယ်မပါရင်သိမ်းတယ်ဆိုင်ကယ်ကို မြို့ပေါ်ကတော့ ဆိုင်ကယ်စီးရတာ အဆင်အပြေလို့ အသွားဖြစ်ဘူး” လို့ သူကပြောပါတယ်။
နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကလည်း “မြို့ပေါ်မှာတော့ တိုက်ပွဲဖြစ်တာ မျိုးတော့မရှိဘူး တိုက်ပွဲဖြစ်တာတွေကလည်းမြို့နဲ့တော့ဝေးတယ် မြို့ပေါ်မှာကတော့ အခုရက်ပိုင်းငြိမ်နေတယ် မြို့ထဲမှာလည်းစကစတွေကသိပ်မရှိကြ တော့ဘူးတိုက်ပွဲဖြစ်တဲ့ တောင်ပေါ်နေရာဘက်ကို ပိုပြီးသွားကြတာများတယ်”လို့ သူကဆိုပါတယ်။
ဒီဇင်ဘာလ ၅ရက်နေ့တုန်းကလည်း နတ်တလင်းမြို့အရှေ့ဘက် သစ်လုံးဘုန်းကြီးကျောင်း ကနေကင်းပတ်ထွက်လာတဲ့ စစ်သားတွေကို နယ်မြေခံတော်လှန်ရေးအင်အားစုမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလကပဲခူးတိုင်းအတွင်းစစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေ နှစ်ဖက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေကာ ဒီဇင်ဘာလ ၃ရက်နေ့ကနေ၇ရက်နေ့အထိကို စစ်တပ်ကလေကြောင်းတိုက်ခိုက်တာ၊လက် နက်ကြီးပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူ(၁)ဦးသေဆုံး၊ (၇)ဦးထိခိုက်ဒဏ်ရာရရှိကာ၊ နေအိမ်(၄)လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
Phar Si Than (People’s Radio Myanmar)