
ဒီဇင်ဘာလ ၁၂ရက် ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Kloud တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ကော့ကရိတ်မြို့ရှိ စစ်တပ်ဂိတ်တွေဖြစ်တဲ့ ညောင်ပင်ဂိတ်၊ လှိုင်ဝလက်နက်ကြီးကုန်း၊ တောင်ပေါ်ကျောင်းနဲ့ စကခ ၁၂ နေရာတွေကို ဒီဇင်ဘာလ ၇ရက်နေ့ကနေ ၁၀ ရက်နေ့အတွင်း ဒရုန်းနဲ့ အကြိမ် ၂၀ ဗုံးသီးချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Kloud တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
” လက်လုပ်ဗုံးပါ၊ ၇ရက်နေ့ကနေ ၁၀ ရက်နေ့အတွင်း၊ တစ်ခါကြဲရင် ၃ စီးတက်ပါတယ်၊ ဗုံးက ကျွန်တော်တို့က တစ်စီးကို တစ်လုံးဘဲ သုံးတယ်၊ လေယာဥ်ကတော့ တစ်စီးပျက်ကျပါတယ်၊ ကျွန်တော်တို့ရှေ့တင် ကြဲပီးပြန်အလာမှာ ပျက်ကျတာပါ၊” လို့ Kloud တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အခုလို စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာမှာ ထိခိုက်သေဆုံးတာတွေ ရှိနေပေမဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်နေတာကြောင့် စာရင်းအတိအကျကို မသိရှိရသေးဘူးလို့ သူကဆက်ပြောပါတယ်။
ဒီဇင်ဘာလ ၁ရက်နေ့ကနေစပြီး ၁၂ ရက်နေ့အထိ ကော့ကရိတ်မြို့မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေပြီး စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်တာတွေ၊လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို နေ့တိုင်းပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” သူတို့ဘက်ကလဲ တိုက်လေယာဥ်တွေ ၊ကင်းထောက်လေယာဥ်တွေနဲ့ နေ့တိုင်းလာကြဲတယ်တော့ သိရပါတယ်၊ မြို့ပေါ်မှာ လူမရှိတော့ဘူး၊ အိမ်တွေလည်း တော်တော်ပျက်စီးကုန်ပြီ၊ ” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
အခုလို တိုက်ပွဲ ဆက်ဖြစ်နေတာကြောင့် ကော့ကရိတ်မြို့ပေါ်ရပ်ကွက်နဲ့ ဒေသခံ ၂၀၀၀၀ ဝန်းကျင်ဟာ ဘေးလွတ်ရာ မြဝတီ၊ ဘားအံနဲ့ မော်မြိုင်မြို့ဘက်တွေကို နေရပ်စွန့်ခွက်ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်
လက်တလော ကော့ကရိတ်မြို့တွင်းက ချောင်းတောင်၊တံတားဦး၊ ဝင်းကြီးရပ်ကွက်တွေအပြင် အံဖကြီး၊ အံဖလေး၊ ကော့နွဲ့နဲ့ အာရှလမ်းမဘက်တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Kloud
Phar Si Than(People’s Radio Myanmar)