သင်္ဃန်းညီနောင်ရှိ ဓာတ်အားခွဲရုံ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရတာကြောင့် မြဝတီမြို့မှာ လျှပ်စစ်မီးပျက်တောက်နေ

ဒီဇင်ဘာလ ၁၃ရက်၊ ၂၀၂၃ ခုနှစ်

 

ကရင်ပြည်နယ်၊မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာမှာရှိတဲ့ လျှပ်စစ်ဓာတ်အားခွံရုံ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတာကြောင့် မြဝတီမြို့မှာ လျှပ်စစ်မီးပျက်တောက်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာလ ၁၂ရက်နေ့ ည၉ နာရီကျော်လောက်က သင်္ဃန်းညီနောင်မှာရှိတဲ့ လျှပ်စစ်ဓာတ်အားခွဲရုံကို အမည်မသိအဖွဲ့တစ်ခုက ဒရုန်းနဲ့ ဗုံးသီးနှစ်လုံးချတိုက်ခိုက်ခဲ့တာပါ။

အခုလိုတိုက်ခိုက်ခံခဲ့ရပြီး ၁၅ မိနစ်မှာ မြဝတီမြို့တစ်မြို့လုံးလျှပ်စစ်ဓာတ်အားပျက်တောက်ခဲ့ပြီး တစ်ပတ်လောက် လျှပ်စစ်မီးပျက်တောက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတယ်လို့ မြဝတီမြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

” ညကတော့ မြဝတီမှာ ၈နာရီလောက်ထဲက မီးပျက်နေတာ၊ ဒါကပုံမှန်ဘဲ၊နေ့တိုင်းပျက်တယ်၊ ညီနောင်ကဟာက ၉ နာရီလောက်မှာ ကြဲခံထိတာ၊ နှစ်လုံးနဲ့၊ အခုချိန်ထိမီးပြန်မလာသေးဘူး၊ တစ်ပတ်လောက်ပျက်မယ်လို့ ပြောနေကြတယ်၊” မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုလို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရပြီးနောက် သင်္ဃန်းညီနောင်ကျေးရွာတစ်ဝိုက်မှာလည်း သေနတ်နဲ့ ပစ်ခတ်သံတွေ ကြားခဲ့ရသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဒရုန်းနဲ့ချပြီးမကြာဘူး၊သေနတ်တွေနဲ့ပစ်တာ၊ ခနဘဲ၊ ဘယ်ကပစ်တာလဲတော့မသိဘူး၊ ရမ်းပစ်နေတာဘဲ၊” လို့ ရွာသစ်ကျေးရွာမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

အခုလို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာနဲ့ပတ်သတ်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ကျွန်တော်တို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

အဆိုပါ ဗုံးသီးချတိုက်ခိုက်ခံရမှုကြောင့် မြဝတီကို ပို့လွှတ်တဲ့ (50) MVA ထရန်စဖော်မာ ဆီယိုစိမ့်မှုဖြစ်သွားပြီး မြဝတီမြို့မှာ ရက်သတ္တတစ်ပတ်နီးပါး လျှပ်စစ်မီးပျက်တောက်နိုင်တယ်လို့ ခရိုင်လျှပ်စစ်ဌာနနဲ့ နီးစပ်တဲ့သတင်းအရင်းမြစ်တွေအရ သိရပါတယ်။

မြဝတီမြို့မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေကာ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာရုံးတွေနဲ့ စစ်တပ်ဂိတ်တွေ မကြာခဏ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံနေရတာပါ။

ဒီဇင်ဘာလ ၆ရက်နေ့နဲ့ ၇ရက်နေ့ ညနေပိုင်းကလည်း မြဝတီမြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်ရှိခဲ့ပါတယ်။

 

သတင်း – ကိုဖြိုး

ဓာတ်ပုံ – ပုံဟောင်း

Phar Si Than (People’s Radio Myanmar)