စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးတိုင်ကျေးရွာက နေအိမ်တစ်ချို့ ထိခိုက်ပျက်စီး

ဧပြီလ ၈ရက် ၂၀၂၄ခုနှစ်

 

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ငါးတိုင်ကျေးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်တစ်ချို့ထိခိုက်ပျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကျေးရွာထဲကို ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ကျောင်းအနီးတစ်ဝိုက်က အဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဧပြီလ ၇ ရက် ည ၈ နာရီလောက်မှာ ငါးတိုင်ကျေးရွာအနီးတစ်ဝိုက်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့  စာသင်ကျောင်းအနီးတစ်ဝိုက်မှာရှိတဲ့ နေအိမ်တစ်ချို့ထိမှန် ပျက်စီးသွားပြီး လူထိခိုက်တာ‌တွေတော့ မရှိဘူးလို့ ကျုံဒိုးမြို့မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ လူတော့မထိဘူး၊ ကျောင်းနားက အဆောက်အအုံတွေပဲ ပျက်စီးသွားတာ၊ အသံကြားတာကတော့ ၁၀ချက်ကျော်လောက်တော့ရှိမယ်၊ ငါးတိုင်ရွာထဲနဲ့ ကောထော့ကိုရပ်ကွက်ထဲကိုကျတာ၊” လို့ သူကပြောပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှုမပြုလုပ်ခင် ကျုံဒိုးမြို့အခြေစိုက် ခလရ (၅၄၆) ကနေ လက်နက်ကြီးနဲ့ ငါးတိုင်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုအပြီးမှာလည်း လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ လေယာဉ်မလာခင်ကလည်းပစ်တယ်၊ လာပြီးတော့လည်းပစ်တယ်၊ တိုက်ပွဲဖြစ်တဲ့အသံတော့ မကြားမိဘူး၊ ဒီအတိုင်းကြီးပစ်တာ၊” လို့ ကျုံဒိုးဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန် ကရင်ပြည်နယ်ထဲက မြဝတီ၊ ကော့ကရိတ်၊ ကျိုက်ဒုံနဲ့ သံတောင်ကြီးမြို့အနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ နေ့တိုင်းဆက်ရှိနေသလို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် သာဿနိကအဆောက်အအုံတွေ၊ ကျောင်းတွေနဲ့ နေအိမ်ပျက်စီးတာတွေ မြင့်တက်လာတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-Social Media

Phar Si Than (People’s Radio Myanmar)