
ဧပြီလ ၈ရက်၊ ၂၀၂၄ခုနှစ်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကော့ဒွတ်ကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်း ကော့ဒွတ်ရွာနဲ့ ကျိုက်မင်ဝကမ်းခြေ အကြားရှိ လမ်းပိုင်းတစ်နေရာမှာ ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဧပြီလ ၇ ရက် နေ့လည် ၁၂နာရီဝန်းကျင်အချိန်မှာ အရင်ကစစ်ကောင်စီ ခန့်အပ်ထားတဲ့ ကော့ဒွတ်ရွာအုပ်ချုပ်ရေးမှူးဟောင်း အနိုင်ဆိုသူကို ကျိုက်မင်ဝကမ်းခြေအပြန်မှာ အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပြီး အဆိုပါနေရာမှာတင် သေဆုံးခဲ့တယ်လို့ ကော့ဒွတ်ကျေးရွာသား တစ်ဦးက ပြောပါတယ်။
“သူ့ကားကိုလည်းယူသွားတယ် သူနဲ့အတူပါလာတဲ့အဖော်တစ်ယောက်ကိုလည်း ဖမ်းသွားတယ်ကြားတယ် အခုတော့သူ့ရဲ့ အလောင်းကိုတော့ လမိုင်း ဆေးရုံမှာပို့ထားတယ်”လို့သူကပြောပါတယ်။
ပစ်ခတ်ရှင်းလင်းခံရတဲ့ အုပ်ချုပ်ရေးမှူးဟောင်း အနိုင်ဆိုသူဟာစစ်တပ်နဲ့ပူးပေါင်းပြီး ကျေးရွာအတွင်းမှာရှိတဲ့ လူငယ်တွေကို ဖမ်းဆီးခိုင်းတာမျိုးတွေရှိသလို ရွာသားတွေအပေါ် နိုင်ထက်စီးနင်းလုပ်ဆောင်တာမျိုးတွေ ရှိတယ်လို့ ရွာသားတွေနဲ့နီးစပ်သူတစ်ဦးကဆိုပါတယ်။
“သူ့လက်ထက်တုန်းကဆိုရင်သူလည်းတော်တော်ဆိုးခဲ့တယ်သူတို့က ပြည်သူ့စစ် အဖွဲ့လိုမျိုးလက်နက်တွေ ဘာတွေကိုင်တာလည်းရှိတယ် သူကစစ်တပ်ကခန့်ထားတာပဲ ရွာခံပဲ နိုင်ထက်စီးနင်းလုပ်တာများလို့ ဖြုတ်ချခံရတယ်ကြားတယ် သူပြုတ်သွားတာ တစ်နှစ်တောင်မပြည့်သေးဘူး သူကစစ်တပ်နဲ့ အကြီးအကျယ်ပေါင်းတာ” လို့ဆိုပါတယ်။
အခုလိုပစ်ခတ်ရှင်းလင်းခံရတာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့လည်းဆိုတာကိုတော့ ကျွန်မတို့ People’s Radio Myanmar သတင်းဌာနအနေနဲ့ အတည်မပြုနိုင်သေးပါဘူး ။
စစ်ကောင်စီတပ်အာဏာသိမ်းပြီးချိန်ကနေအခုချိန်ထိကော့ဒွတ်ကျေးရွာအတွင်းရှိ စစ်ေကာင်စီခန့် အုပ်ချုပ်ရေးမှူးတွေပစ်ခတ်ရှင်းလင်းခံရတာ (၂)ဦးထိရှိလာပြီး ဖြစ်ပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)