
အောက်တိုဘာလ ၁၃ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်းမရှိ ၅တန်တံတားနားမှာ ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ် ဂိတ်တစ်ခုကိုKNLA ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၃နာရီ ၃၀ မိနစ်လောက်က မြဝတီ-ကော့ကရိတ် အာရှလမ်းမရှိ တပ်မ ၂၂ လက်အောက်ခံ ၂၀၁ တပ်ရင်းကငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်ကို ဒေါနစစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။
အခုလို ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဘက်က ၃ ဦးသေဆုံးခဲ့သလို ၄ ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ဒုစစ်ကြောင်းမှူး ရဲဘော်ကျော်ဇောက ပြောပါတယ်။
” သေတာက ဘယ်အဆင့်လဲစုံစမ်းဆဲပါပဲ၊ ၃ ယောက်သေတာကတော့ အတိအကျပြောနိုင်ပါတယ်၊ ဒဏ်ရာရတာကတော့ အနည်းဆုံး ၄ ဦးလောက်ရှိပါမယ်၊ ပြောက်ကျားတိုက်ခိုက်တာမျိုးကတော့ အခြေနေပေါ်မူတည်ပြီး အမြဲလိုလုပ်နေကြတာပေါ့နော်၊ ” လို့ သူကပြောပါတယ်။
အခုလို KNLA ပူးပေါင်းစစ်ကြောင်းတွေက သွားရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်က ၈၀ မမ ဗုံးသီးတွေနဲ့ ပြန်လည်ပစ်ခတ်တာတွေပြုလုပ်ခဲ့ပေမဲ့ KNLA တပ်ဖွဲ့တွေက ထိခိုက်ဒဏ်ရာရရှိတာမျိုးမရှိဘူးလို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဂိတ်ဟာ အင်အား ၂၀ လောက်ရှိကာ လမ်းသွားလမ်းလာတွေဆီကနေ ငွေကြေးကောက်ခံတာတွေ ၊အကြောင်းမဲ့စစ်ဆေးတာတွေကို ပြုလုပ်လေ့ရှိပြီး ကျန်တဲ့အချိန်မှာတော့ ဂိတ်အပြင်ကိုထွက်လေ့မရှိဘူးလို့ ကော့ကရိတ်မြို့ဒေသခံတွေက ဆိုပါတယ်။
” အစစ်အဆေးကြမ်းတာမျိုးတွေရှိပါတယ်၊ ပုံမှန်တော့ သူတို့ သိပ်ထွက်လေ့မရှိဘူး၊ သူတို့လည်းမထွက်ရဲဘူးလေ၊ဂိတ်ထဲမှာဘဲနေကြတာများတယ်၊” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။
လက်ရှိအချိန် ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ စစ်ကောင်စီတပ်က အာရှလမ်းတစ်လျှောက်မှာ နေရာယူထားကြတယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
ကရင်ပြည်နယ်ထဲက မြဝတီ၊ကော့ကရိတ်၊ကျုံဒိုး၊ဖာပွန်၊ဘုရားသုံးဆူနဲ့ သံတောင်မြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ် ဂိတ်ချရာနေရာတွေ၊စစ်ကောင်စီတပ်ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေ မကြာခဏဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ၊ ပြောက်ကျားတိုက်ခိုက်တာတွေကြောင့် စက်တင်ဘာလ တစ်လအတွင်း စစ်ကောင်စီတပ်လက်အောက်ခံဝန်ထမ်း အယောက် ၂၀ နီးပါးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Daw Na Column -P29902
Phar Si Than (People’s Radio Myanmar)