
အောက်တိုဘာလ ၁၆ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို၊ တတန်ကူးကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကော့ကရိတ်မြို ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်လောက်က ကော့ကရိတ်မြို့၊ လှိုင်ဝအမြောက်ကုန်းကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။
အခုလို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် တတန်ကူးကျေးရွာထဲ လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၃နှစ်အရွယ် ဦးထွန်းအေးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကော့ကရိတ်မြိုဒေသခံတွေက ပြောပါတယ်။
‘ ရွာထဲကို ၂ လုံးကျတယ်၊ တစ်လုံးက ဦးထွန်းအေးအိမ်ပေါ်ကိုကျတာ၊ ဒဏ်ရာကတော့ မများဘူး၊ ညာဘက်ပေါင်ကို ထိသွားတာ၊ အခုဆေးရုံမှာ သွားကြတယ်၊ မစိုးရိမ်ရဘူး၊’ လို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျောက်စရစ်ကုန်းမှာ လက်နက်ကြီး ၄ လုံး၊ ဆင်ကုန်းကျေးရွာမှာ လက်နက်ကြီး ၂ လုံးနဲ့ တတန်ကူးကျေးရွာမှာ လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့သလို နွား ၂ကောင်လည်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို ဒေသခံတွေက ဆိုပါတယ်။
“ ပစ်တာက တစ်နေကုန်ပစ်တာ၊ ရွာထဲကျတာတွေလည်းရှိတယ်၊ တတန်ကူးရွာက လူတစ်ယောက်လည်းထိတယ်၊ နွားနှစ်ကောင်လည်း ထိတယ်၊ ကျန်တဲ့နေရာတွေကတော့ ရွာထဲဘဲကျတာ၊ လူမထိဘူး၊ ကျတာကတော့ ဆင်ကုန်းဘက်ကျတယ်၊ ကျောက်စရစ်ကုန်းဘက်ကျတယ်၊ တတန်ကူးထဲမှာကျတယ်၊” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ကော့ကရိတ်မြိုမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲတွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေသလို စစ်ကောင်စီတပ်က ကမိုင်ကုန်း၊ ချောင်းတောင်၊ ကော့နွဲနဲ့ တောင်ကြာအင်းကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးတာတွေ၊ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာတွေကို မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ ခလရ ၉၇ ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဝင်းကြီးရပ်ကွက်ရှိ အလက ကျောင်းထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွခဲ့ပြီး အသက် ၁၂ နှစ်အရွယ် ကျောင်းသူတစ်ဦး သေဆုံးခဲ့ပြီး ကျောင်းသူ နှစ်ဦး ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။
သတင်း− ကိုဖြိုး
ဓာတ်ပုံ− Dooplaya District
Phar Si Than(People’s Radio Myanmar)