
စက်တင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်ပွားလာမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း ကော့ကရိတ်မြို့ ဒေသခံတစ်ချို့ နေရပ်စွန့်ခွာပြောင်းရွှေ့နေကြတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး လက်ရှိအချိန်မှာလည်း နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း-လှိုင်ကွယ် လမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဂိတ်တစ်ခု တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ် ခမရ ၉၇ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ကော့ကရိတ်မြို့ထဲမှာလည်း ဒေသခံတစ်ချို့နေရပ်စွန့်ခွာ နေကြတယ်လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီရက်ပိုင်းမှာဘဲ လူတွေရှင်းလာတယ်၊ စျေးထဲမှာဆိုရင်လည်း လူတွေမရှိတော့ဘူး၊ မြို့ထဲမှာလည်း မရှိတော့ဘူး၊ အခုလည်း မြို့ပေါ်မှာအခြေနေမကောင်းဘူးလို့ကြားတယ်၊ ဆေးရုံလည်း မတက်ရဲဘူး၊ သူတို့တပ်စွဲတဲ့နေရာက ဆေးရုံနဲ့နီးလို့၊ စစ်ကားက ညတိုင်းလှည့်တယ်၊ ညကလည်း အလုံးကြီးတွေနဲ့ ပစ်တယ်” လို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာ ကော့ကရိတ်မြို့အနီးတစ်ဝိုက်ရှိ စစ်ကောင်စီတပ်တွေ တပ်စွဲရာနေရာတွေ မကြာခဏတိုက်ခိုက်ခံနေရသလို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ကမိုင်ကုန်းကျေးရွာ၊ ရေကူးကန်အနားမှာ ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဘက်က ၃ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“အခြေနေကတော့ အခုလက်ရှိ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက တာဝန်ကျရာနေရာတွေမှာ အဆင်သင့်ရှိနေပါတယ်၊ ပြီးခဲ့တဲ့ ၁၆ ရက်နေ့ကတော့ ရေကူးကန်နားမှာ ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့တာ စစ်ကောင်စီတပ်က ၃ ဦးသေပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” လို့ သူကပြောပါတယ်။
အခုလို စစ်ကောင်စီတပ်စွဲရာနေရာတွေ မကြာခဏတိုက်ခိုက်ခံနေရတာကြောင့် ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့နယ်တွေမှာရှိတဲ့ ခမရ ၇၆ တပ်ရင်း၊ ခမရ ၅၄၆၊ ခမရ ၂၃၀ နဲ့ ခလရ ၂၀၈ တပ်ရင်းတွေကနေ တောင်ကြာအင်းကျေးရွာ၊ ကမိုင်ကုန်းကျေးရွာ၊ ချောင်းတောင်ကျေးရွာ၊ ကော့နွဲ့ကျေးရွာနဲ့ တောနော် ရေတံခွန်ဘက်တွေကို လက်နက်ကြီးနဲ့ ညတိုင်းနီးပါး ပစ်ခတ်နေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်လက်အောက်ခံ ခမရ ၅၄၆ က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နောင်တလာကျေးရွာရှိ အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ဦးခေါင်းကို လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Dooplaya District
Phar Si Than (People’s Radio Myanmar)