ရေးမြို့နယ်အခြေစိုက် စကခ-၁၉ တပ်ရင်းကို နယ်မြေခံတော်လှန်ရေးအင်အားစု လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

အောက်တိုဘာလ ၁၆ရက်၊ ၂၀၂၃ခုနှစ်

 

မွန်ပြည်နယ်၊ရေးမြို့နယ်အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ-၁၉တပ်ရင်းကိုစစ်ကောင်စီတပ်သားအင်အား တိုးမြှင့်ထပ်တိုးရောက်ရှိနေတယ်လို့ သတင်းရရှိတာကြောင့် နယ်မြေခံတော်လှန်ရေးအင်အားစုကလက်နက်ကြီးနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာတယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့  ညနေ၃နာရီဝန်းကျင်အချိန်မှာ ရေးမြို့နယ်အခြေစိုက် အမှတ်၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၉ တပ်ရင်းကို စစ်ကောင်စီတပ်သား အင်အား၁၀၀ လောက်ထပ်တိုးပြီးရောက်ရှိလာတယ်လို့ သတင်းရရှိထားတာကြောင့် လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၅ ဦးသေဆုံးဒဏ်ရာရှိခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ရဲ့သတင်းနဲ့ပြန်ကြားရေးက ကိုစောခေတ်သစ်ကပြောပါတယ်။

“စစ်ကောင်စီတပ်အများစုကတော့ ရေလမ်းကြောင်းကနေပဲလာကြတာ ထိခိုက်သေဆုံးတာရှိမရှိကိုတော့ မကြားသိရသေးဘူး ဒဏ်ရာရတာကတော့၅ယောက်ပဲ အခုလက်ရှိကတော့ သူတို့မြို့ထဲမှာပဲလှည့်ပတ်တာ  သောင်းကျန်းတာတွေ၊ငွေကြေးတောင်းတာမျိုးတွေလုပ်တယ် မြို့ပြင်ဘက်မှာတော့ လှုပ်ရှားတာတွေတော့ သိပ်မရှိတော့ဘူး”လို့ သူကပြောပါတယ်။

ရေးမြို့အခြေစိုက်  စစ်ကောင်စီတပ်ကို ဒေါနစစ်ကြောင်းနဲ့ အတူ YGF-ရေးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်တာဖြစ်ပြီးအခုလိုလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ၂ လုံးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာလမှ စတင်ကာရေးမြို့နယ်အတွင်း မနက်၇နာရီဝန်းကျင်လောက်မှာတစ်ကြိမ်  ညနေ ၅ နာရီ မှာတစ်ကြိမ် အင်အား ၃၀ ဝန်းကျင်လောက်နဲ့ ရေးမြို့နယ်အတွင်း နေ့ရောညပါ ကင်းလှည့်တာတွေပြုလုပ်နေသလို နေ့တိုင်းနီ့ပါးလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြိီးဒီနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာလည်းလက်နက်ကြီး ပစ်ခတ်သံကြားနေရတယ်လို့ရေးမြို့ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။

“မနက်ကပစ်နေသေးတယ်အသံကတော့ ၄ချက် ၅ချက်လောက်ကြားတယ် မြို့အဝင်အထွက်တွေကတော့ သတိထားရတာပေါ့ သူတို့ကနေရာတိုင်းမှာ ရှိနေတယ် ကင်းလှည့်တာကတော့ နှစ်စီးသုံးစီး ကားအပြည့်ပဲ တစ်စီးကို ၁၀ ယောက် ဝန်းကျင်လောက်ရှိတယ် မနက်ဆို ၇နာရီ လောက်ဆို လှည့်ပြီ ညနေဘက်ဆို ရင် တော့ ၅နာရီလောက်ပေါ့ ညဘက်တော့ ပြောမတတ်ဘူး”လို့သူကပြောပါတယ်။

နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးကလည်း “PDF တွေဝင်ပစ်ပြီးသွားရင် လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်တယ်မြို့ထဲမှာ ဟိုပတ်ဒီပတ်လုပ်တယ်လေအစဉ်လာတစ်ခုလိုဖြစ်နေပြီ  မနက်ကတောင် လက်နက်ကြီး လေးချက်ပစ်တယ် ဘယ်ကပစ်လည်းတော့ မသိရသေးဘူး”လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ စကခ ၁၉ လက်အောက်ခံ ခမရ(၅၈၃)နဲ့ ခမရ (၅၉၁)တို့ကို ရေးပြောက်ကျားတပ်ဖွဲ့နဲ့ အတူပူးပေါင်းတပ်ဖွဲ့တို့ကလက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်မှ ဒုဗိုလ်တစ်ဦး၊ဒုတပ်ကြပ်တစ်ဦးအပါအဝင်၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်လက်အောက်ခံ စစ်ဆေးရေးဂိတ်တွေ၊ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေစစ်ကောင်စီတပ်ယာဉ်တန်းတွေနဲ့စစ်ကောင်စီသတင်းပေးသူ‌ေတွေမှာမကြာခဏပစ်ခတ်ရှင်းလင်းခံရတာ၊လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာ၊ ကြားဖြတ်တိုက်ခိုက်ခံတာ ၊နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အောက်တိုဘာလတစ်လအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၀ ထပ်မနည်း ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ နယ်‌ေမြခံသတင်းအရင်းမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ဓာတ်ပုံ-ရေးပြောက်ကျားတပ်ဖွဲ့

Phar Si Than (People’s Radio Myanmar)

Website –