ဘားအံမြို့နဲ့ အနီးတစ်ဝိုက်ကျေးရွာဘက်မှာ စစ်တပ်နဲ့ရဲတွေက တပ်သားသစ်စုဆောင်းဖို့အတွက် လူစာရင်းကောက်ခံတာကို ပြုလုပ်နေ

ဖေဖော်ဝါရီလ ၁၇ရက်၊ ၂၀၂၄ ခုနှစ်

 

ကရင်ပြည်နယ်၊ ဘားအံမြို့နဲ့ အနီးတစ်ဝိုက်ကျေးရွာဘက်မှာ စစ်တပ်နဲ့ ရဲတွေက တပ်သားသစ်စုဆောင်းဖို့အတွက် ဧည့်စာရင်းစစ်တာနဲ့ လူစာရင်းကောက်ခံတာကို ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၈ နာရီကျော်လောက်က အမှတ် ၄ ရပ်ကွက်ရှိ နေအိမ်တွေမှာ စစ်တပ်နဲ့ ရဲက လူစာရင်းလိုက်လံကောက်ခံခဲ့ပြီး နေအိမ်မှာ လူလျော့နေပါက ဘယ်ကိုသွားလဲ၊ ဘာသွားလုပ်လဲကအစ မေးမြန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ အမှတ် ၄ မှာ စစ်သားတွေကော ရဲတွေကောအများကြီးနဲ့ စစ်သွားတာ၊ အဲ့ဒီရပ်ကွက်ထဲကအိမ်တွေမှာ အိမ်ထောင်စုစာရင်းတောင်းကြည့်တယ်၊ ပြီးတော့စာရင်းထဲက လူမရှိရင် ဘယ်ကိုသွားလဲတို့ ဘာသွားလုပ်လဲတို့မေးသွားတယ်၊” လို့ အမှတ် ၄ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁၃ရက်နေ့ည ၉နာရီ ၁၅မိနစ်လောက်က ဘားအံမြို့အနီးကျေးရွာတွေဖြစ်တဲ့ ရွှေတောရွာနဲ့ ကော့မူးတာကျေးရွာတွေဘက်ကို စစ်တပ်စစ်ကားဝင်လာတာကြောင့် ဒေသခံလူငယ်တွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ဘားအံမြို့တစ်ဖက်ကမ်း မြိုင်ကလေးကျေးရွာဘက်မှာလည်း လူစာရင်းကောက်ခံတာကို ပြုလုပ်ခဲ့တယ်လို့ ဘားအံမြို့ဒေသခံတွေက ဆိုပါတယ်။

ဘားအံမြို့ဒေသခံတစ်ဦးက “ အဲ့ဒီညကတော့ တစ်ရွာလုံးထွက်ပြေးရတယ်၊ ရွာထဲကို စစ်ကားဝင်လာလို့တဲ့ လူငယ်တွေကတော့ထွက်ပြေးကြတယ်လို့တော့ကြားတယ်၊ လူကြီးတွေ၊ ကလေးငယ်တွေကတော့ကျန်ခဲ့တယ်တဲ့၊မနက်မိုးလင်းလောက်မှပြန်လာကြတယ်၊ဘယ်မှာသွားနေကြလဲတော့မသိဘူး၊ အခုက မြိုင်ကလေးဘက်မှာ စစ်သားတွေ လူစာရင်းကောက်ပြီးပြန်သွားကြတယ်၊” လို့ပြောပါတယ်။

ဘားအံမြို့အနီးတစ်ဝိုက်ကျေးရွာတွေဖြစ်တဲ့ ခလောက်နို့၊ ဘားကပ်၊ ရသေ့ပျံနဲ့ မြိုင်ကလေးကျေးရွာဘက်မှာ ဇန်နဝါရီလ ၂၀ ရက်နေ့လောက်ကထဲက ဒေသခံတွေကိုမဲနှိုက်ခိုင်းပြီး တစ်ရွာကို ၃၅ ယောက်နှုန်းနဲ့ တပ်သားသစ်ခေါ်ယူစုဆောင်းတာကို ပြုလုပ်နေတဲ့အပြင် မဲပေါက်တဲ့သူတွေ စစ်မှုမထမ်းချင်ပါက သိန်း ၂၀ ပေးဆောင်ရမှာြဖစ်တယ်လို့ ဒေသခံတွေရဲ့ပြောစကားအရ သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-Social Media

Phar Si Than (People’s Radio Myanmar)