
ဖေဖော်ဝါရီလ ၂ရက်၊ ၂၀၂၄ခုနှစ်
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ဖက်တေးကုန်းကျေးရွာက နေအိမ်တွေကိုစစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF)တို့က ဖောက်ထွင်းကာတန်းဖိုးကြီးပစ္စည်းတွေနဲ့ အိမ်သုံးပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။
ချောင်းနှစ်ခွကျေးရွာနဲ့တောင်ကလေးကျေးရွာတစ်ဝိုက်စစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန်၁၀၀ကျော်ရှိတဲ့ ဖက်တေးကုန်းရွာက အိမ်အားလုံးမှာ ဖောက်ထွင်းထားတာလည်းဖြစ်ပါတယ်။
ဖက်တေးကုန်းကျေးရွာအတွင်းကိုစစ်တပ်က ဇန်နဝါရီလ၃၁ရက်နေ့မှပြန်လည်ဝင်ရောက် ခွင့်ပြုတာကြောင့် ကျေးရွာအတွင်းဝင်ရောက်ကြည့်ရှုချိန်မှာတော့ တန်ဖိုးကြီးပစ္စည်းတွေဖြစ်တဲ့ ဆိုင်ကယ်၊ မီးစက်၊ ရေခဲသေတ္တာ၊ TV၊ ဆိုလာ၊ အခြားစက်ပစ္စည်းတွေနဲ့ အိမ်သုံးပစ္စည်းဖြစ်တဲ့ အိုးခွက်ပန်းကန်တွေ၊ ဂတ်(စ်)မီးဖိုတွေပါယူဆောင်သွားတယ်လို့ ဖက်တေးကန်းကျေးရွာသူတစ်ဦးက ပြောပါတယ်။
“မနေ့ကမှရွာထဲစပြီးပေးဝင်တယ် အိမ်ကဆိုအင်ပါတာ၂လုံး၊TV၊စောင်တွေဆိုလည်း၁၀ လောက် အစ်ကိုအိမ်ကဆိုရင်လည်းဆိုင်ကယ်၃စီး၊ရေမြုပ်မော်တာတွေ၊ဆိုင်ကယ်ပစ္စည်းတွေကောနောက်ပြီးတော့အိမ်ကဆန်တွေ၊ဆီတွေ၊ဆားတွေပေါ့သူတို့ကြိုက်တာတွေသူတို့ယူသွားတာပေါ့ မကြိုက်တာတွေချန်ခဲ့တာပေါ့”လိုသူကပြောပါတယ်။
စစ်ကောင်စီတပ်က အခုလိုကျေးရွာအတွင်းကနေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးခဲ့တဲ့အပြင် လက်ရှိအချိန်ကို ကျေးရွာအတွင်းတပ်စွဲနေထိုင်နေသေးတာကြောင့် ပြည်သူတွေမှာ နီးစပ်ရာ ဆွေမျိုးတွေရှိရာ မုဒုံမြို့ကို ပစ္စည်းတွေပြောင်းရွှေ့နေထိုင်နေကြတယ်လို့ နောက်ထပ်ကျေးရွာသူတစ်ဦးက ဆိုပါတယ်။
“သူတိူ့ယူသွားတာလည်းအိမ်သုံးပစ္စည်းမျိုးစုံပဲ၊အစီးပြားရော( ရာဘာ)အခုကသူတို့မကြိုက် လို့မယူသွားတဲ့ပစ္စည်းတွေပြန်သယ်ထုတ်နေကြတယ်ရွာသားတွေအိမ်ပေါ်အိမ်အောက်ပစ်ထားတဲ့ဟာတွေကိုရွာကနေမုဒုံဘက်ကိုသယ်ထုတ်နေကြတယ်ရွာမှာလမ်းပြင်သမားတွေလည်းရှိနေတယ်လမ်းပြင်သမားတွေလည်းလူမရှိရင်အိမ်ထဲဝင်ကောက်သေးတယ်ရွာထဲမှာကမနေလည်းရတယ်နေလည်းရတယ် ”လို့ဆိုပါတယ်။
ဒါ့အပြင်ဖက်တေးကုန်းကျေးရွာအတွင်းဝင်ရောက်နေထိုင်သူတွေကိုစစ်တပ်ကနာမည်စာရင်းကောက်ခံတာမျိုးတွေရှိသလိုမယ်တရိုကျေးရွာကရွာသားတွေကိုလည်း စစ်တပ်ကရွာထိပ်မှာ ကင်းစောင့်ခိုင်းတာမျိုးတွေ လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၀ရက်နေ့လောက်ကနေစပြီး ကျိုက်မရောမြို့နယ်အတွင်းတစ်လ ကျော်ကြာတိုက်ပွဲ ဖြစ်ပွားခဲ့တာကာ ချောင်းနှစ်ခွနဲ့တောင်ကလေးအရှေ့စုက နေအိမ်အားလုံးလည်း ဖောက်ထွင်းခံထားရသလို ချောင်းနှစ်ခွကျေးရွာက ဒေသခံ၄၀၀၀ဝန်းကျင်ဟာလည်း နေရပ်မပြန်နိုင်သေးပဲ စစ်ဘေးဆက်လက်တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ပြောစကားအရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)