စစ်ကောင်စီတပ်က တောင်ကြာအင်းကျေးရွာကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်

ဇန်နဝါရီလ ၂ရက်၊ ၂၀၂၄ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ်၊ တောင်ကြာအင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြိုနဲ့အနီးအနားကျေးရွာတွေဘက်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲတွေကြား ၁ လကျော်တိုက်ပွဲ ဖြစ်ပွားတာမှာ စစ်တပ်ကလက်နက်ကြီးပစ်ခတ်တာတွေ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေတာပါ။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ည၁၀ နာရီကျော်လောက်ကလည်း တောင်ကြာအင်းကျေးရွာထဲကို စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ၁၀ မိနစ်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

” အဲ့ဒီညက တိုက်ပွဲမဖြစ်ပါဘူး၊ ဒီအတိုင်းလေယာဥ်ကလာပစ်တာ၊ လေယာဥ်ကနေဗုံးလဲကြဲတယ်၊ စက်သေနတ်နဲ့လည်းပစ်တယ်၊ ၁၀ မိနစ်လောက်ပစ်ပြီးမှပြန်သွားတာ၊အဲ့ဒါပြီးတော့ထပ်မလာတော့ဘူး၊” လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပေမဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က လေယာဥ်နဲ့ လာရောက် ဗုံးကြဲခဲ့ပြီးနောက်ပိုင်း ကျေးရွာဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် လူထိခိုက်တာမျိုးမရှိခဲ့ဘူးလို့ တောင်ကြာအင်းကျေးရွာဒေသခံတွေဆီက သိရပါတယ်။

ကျေးရွာဒေသခံတစ်ဦးက “ရွာထဲမှာ ၂၈ ရက်နေ့ကထဲက မရှိတော့ဘူးလေ၊ ရွာထဲမှာကလူနည်းနည်းဘဲရှိတော့တယ်၊ သူတိုလာပစ်တော့ လူထိတာတွေတော့မရှိပါဘူး၊ ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့လောက်ကလည်း စစ်တပ်က တောင်ကြာအင်းကျေးရွာနဲ့ အနီးအနားကျေးရွာတွေဘက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထလန်းနိုင်ကျေးရွာက ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အတွင်း ကော့ကရိတ်မြိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာတွေ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံ ၂၅ ဦးခန့် သေဆုံးခဲ့သလို နေအိမ် ၁၅၀ နီးပါးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။

 

သတင်း – ကိုဖြိုး

ဓာတ်ပုံ – ပုံဟောင်း

Phar Si Than (People’s Radio Myanmar)