စကခ၁၉ လက်အောက်ခံတပ်ရင်းနှစ်ခုကို တော်လှန်ရေးအင်အားစုသွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား၃ဦးသေဆုံး

ဇန်နဝါရီလ ၂ရက်၊ ၂၀၂၄ခုနှစ်

 

မွန်ပြည်နယ်၊ရေးမြိုနယ်၊ကျောင်းရွာကျေးရွာအတွင်းက စကခ၁၉လက်အောက်ခံ ခမရ(၅၉၁)နဲ့ ခမရ(၅၈၃)တပ်ရင်းနှစ်ခုကို နယ်မြေခံတော်လှန်ရေးအင်အားစုသွားရောက်တိုက်ခိုက်ခဲ့ရာစစ် ကောင်စီတပ်ဘက်မှ ၃ဦးသေဆုံးခဲ့တယ်လိုသိရပါတယ်။

ဒီဇင်ဘာလ၃၁ရက်နေ့ မနက်၅နာရီ ၄၅မိနစ်ဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်ရဲ့ တပ်ရင်း၂ခုကို လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် ဒရုန်းတွေနဲ့ပါ သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတစ်နာရီနီးပါးကြာခဲ့ပြီး စစ်တပ်ဘက်က၃ဦးသေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRFမှ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

“ရေးမြိုနယ်ကျောင်းရွာမှာ အခြေချထားတဲ့ခမရ၅၉၁နဲ့ခပ်လှမ်းလှမ်းမှာရှိတဲ့၅၈၃ကို အဲ့ဒီ တပ်ရင်းနှစ်ခုကိုဒရုန်းနဲ့တစ်ချိန်ထဲတစ်ပြိုင်ထဲစပြီးတိုက်ခိုက်ခဲ့ပါတယ်ဒရုန်းနဲ့၃ကြိမ်လောက်တိုက်ခဲ့တယ်ပြီးရင်လက်နက်ကြီးနဲ့ပစ်ထည့်တယ်တပ်ရင်းနှစ်ခုလုံးကိုအဲ့တာပြီးတော့ချေမှုန်းရေးတပ်က၅၉၁ရဲ့အနောက်ကပတ်ဝင်တယ်အရှေ့ကင်းစခန်ကိုဝင်တိုက်တယ်တစ်ချိန်ထဲမှာပဲ၅၈၃ကိုလည်းချေမှုန်းရေးတပ်ကဝင်ပစ်တယ်မနေ့ကတော့၃ယောက်သေတယ်လိုကသိရတယ်ဒီနေ့ထပ်ကြားတာကတော့၄ယောက်ဖြစ်သွားပြီးလိုသိရတယ်”လို့ သူကပြောပါတယ်။

ဒါ့အပြင်ဇန်နဝါရီလ၁ရက်နေ့ မနက်၁၁နာရီဝန်းကျင်အချိန်မှာတော့ စကခ၁၉လက်အောက်ခံ တပ်ရင်းနှစ်ခုကနေ လက်နက်ကြီးတွေနဲ့အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် ကမ်းနီရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အသက်၃၉နှစ်အရွယ်အမျိုးသမီးတစ်ဦး ဦးခေါင်းနဲ့လက်မှာ ဒဏ်ရာရရှိခဲ့တယ်လိုဒေသခံတွေကဆိုပါတယ်။

“မွန်းတည့်ချိန်လောက်မှာစပစ်တာ၆ကြိမ်လောက်ပစ်တယ်၃၁ရက်နေ့ကတော့ထိခိုက်တာမရှိဘူး ဒီနေ့မှဘာမဆိုင်ညာမဆိုင်လက်နက်ကြီးနဲ့ပစ်လိုကျောင်းရွာနဲ့ခပ်လှမ်းလှမ်းမှာရှိတဲ့ကမ်းနီရွာမှာလက်နက်ကြီးကျပြီးတော့အသက်၃၉နှစ်အရွယ်အမျိုးသမီးတစ်ယောက်ခေါင်းနဲ့လက်အနည်းငယ်နဲ့ ဗိုက်မှာ ဒဏ်ရာအနည်းငယ်ရခဲ့တယ်”လိုဆိုပါတယ်။

အခုလိုတိုက်ပွဲဖြစ်ပွားပြီးနောက်ရေးမြိုနယ်အတွင်းစစ်တပ်ကမြိုတွင်းစစ်ဆေးတာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကို လုပ်ဆောင်ခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတိုတိုက်ပွဲမဖြစ်ပွားခင် ဒီဇင်ဘာလ၃၀ရက်နေ့ ညနေပိုင်းအချိန်ကတည်းက စစ်ရဲ့တပ်ရင်းနှစ်ခုကနေ ကျောင်းရွာကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့်ဒေသခံတစ်ချိုမှာလည်း ပြောင်းရွှေ့နေထိုင်နေကြတယ်လိုဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ဒီဇင်ဘာလတွေတုန်းကလည်း ရေးမြိုနယ်မှာရှိတဲ့ စစ်တပ်တပ်စွဲထားတဲ့နေရာတွေ ကင်းပုန်းဝပ်နေတဲ့နေရာတွေကို တော်လှန်ရေးအင်အားစုက မြေပြင်ကောဝေဟင်ကပါ တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ကြပြီး မွန်ပြည်နယ်အတွင်းက နေရာတော်တော်များများမှာလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတယ်လိုဒေသတွင်းအရင်းအမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်။

 

သတင်း – နော်ဖူးဖူး

ပုံ – Cj

Phar Si Than (People’s Radio Myanmar)