သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ဦးသေဆုံး

မေလ ၁၃ရက်နေ့၊ ၂၀၂၄ခုနစ်

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ ကနက်သီရိရွာနဲ့ ဂုံညှင်းဆိပ်ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကနက်သီရိရွာက ဒေသခံ ၃ဦး သေဆုံးသွားခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။

မေလ ၁၀ရက်နေ့၊ နေ့လည် ၁၂နာရီ ၁၅မိနစ်လောက်မှာ စစ်ကောင်စီတပ်တွေဘက်က ရဟတ်ယာဉ်၂စီး၊ ဂျက်ဖိုက်တာ ၁စီးတို့ တစ်ပြိုင်တည်း ရောက်ရှိလာပြီး ဗုံးသီး အလုံး ၂၀လောက် ကြဲချတိုက်ခိုက်သွားတယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံတစ်ဦးက ဆိုပါတယ်။

“ တိုက်ပွဲလည်း ဖြစ်နေတာမရှိဘူး။ လေယာဉ်လာကြဲပြီးတာနဲ့ သင်္ဘောပေါ်ကနေ လက်နက်ကြီးနဲ့ သက်သက်မဲ့ ဆက်ပစ်တာ” လို့သူက အခုလိုပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကနက်သီရိရွာက အသက် ၄၀ကျော် အရွယ် ကိုနောင်ဂေါ၊ အသက် ၄၀အရွယ် ကိုနိုင်ကြီးနဲ့ အသက် ၄၅နှစ်အရွယ် ကိုညီဦးတို့ အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

“ ကြဲတဲ့ဗုံးက အရမ်းပြင်းတော့ တစ်ယောက်ဆို‌ ခေါင်းပါပြတ်ထွက်သွားတာ။ ခြေထောက်တွေဆို ကြေမွသွားတာဘဲ” လို့သရက်ချောင်းမြို့နယ် ဒေသခံက ဆက်ပြောပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုနဲ့ ရေကြောင်းကနေ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကနက်သီရိရွာက နေအိမ် ၃လုံး လဲမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ကနက်သီရိရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဂုံညှင်းဆိပ်ရွာထဲကို ထပ်မံ သွားရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဂုံးညှင်းဆိပ်ရွာက အသက်ကြီးပိုင်းအမျိုးသားတစ်ဦး အပါအဝင် အမျိုးသား ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ချောင်းမြို့နယ်ဒေသခံက ပြောပြပါတယ်။

သရက်ချောင်းမြို့နယ်က ဒေသခံတွေအနေနဲ့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထားဝယ်မြို့ပေါ်နဲ့ ဘေးလွတ်ရာ တောတောင်တွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မေလ ၈ရက်နေ့ကလည်း ကနက်သီရိရွာနဲ့ ရငဲကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကနက်သီရိ အသက် ၁၆နှစ်အရွယ် မောင်ပိုင်စိုးနဲ့ မောင်ဟိန်းပြည့်ဖြိုးတို့ သေဆုံးခဲ့ပါသေးတယ်။

သတင်း- နော်အယ်နီး
ပုံ- သေဆုံးသွားတဲ့ ဒေသခံများ
Phar Si Than (People’s Radio Myanmar)