ကျေးရွာအခြေအနေကိုသွားရောက်ကြည့်ရှုတဲ့ ချောင်းနှစ်ခွကျေးရွာသားတစ်ဦးကို စစ်တပ်က ရိုက်နှက်နှိပ်စက်

ဇန်နဝါရီလ ၂ရက်၊ ၂၀၂၄ခုနှစ်

 

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအခြေအနေကိုသွားရောက်ကြည့်ရှုတဲ့ ကျေးရွာသားတစ်ဦးကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးကာရိုက်နှက်နှိပ်စက်တာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဒီဇင်ဘာလ ၃၀ရက်နေ့မှာ စစ်သားတွေတပ်စွဲနေထိုင်နေကြတဲ့ ချောင်းနှစ်ခွကျေးရွာ အခြေအနေကို သွားရောက်ကြည့်ရှုတဲ့ကျေးရွာသားတစ်ဦးကို စစ်သားတွေကဖမ်းဆီးကာ ရိုက်နှက်နှိပ်စက်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် အခုလက်ရှိအချိန်မှာတော့ ဆေးကုသမှုခံယူနေရတယ်လို့ ချောင်းနှစ်ခွကျေးရွာသားတစ်ဦးကပြောပါတယ်။

“တစ်နေ့ကတော့ရွာသားတစ်ယောက်ရွာပြန်ဝင်သွားတာ စစ်တပ်ထိုင်တာနဲ့တွေ့ပြီးတော့ ဖမ်းပြီးတော့ရိုက်နှက်ပြီးတော့ပြန်ပြီးမောင်းထုတ်လိုက်တယ် အဲ့ဒီရိုက်နှက်ခံရတဲ့ရွာသားက လောလောဆယ်ဆေးရုံတက်နေရတယ်မော်လမြိုင်မှာ”လို့သူကပြောပါတယ်။

ဒါ့အပြင်အခုလက်ရှိအချိန်မှာတော့စစ်တပ်ရဲ့တောင်ကလေးစခန်းကလက်နက်ကြီးနဲ့ ပစ်တာမျိုးလုပ်ဆောင်နေပေမဲ့ အရင်လိုဆက်တိုက်ပစ်ခတ်တာမျိုးတွေမရှိတော့ဘူးလို့ တောင်ကလေး ကျေးရွာသားတစ်ဦးကဆိုပါတယ်။

“အခုတော့တိတ်နေတယ်  ငြိမ်တာတော့မဟုတ်ဘူး ပါးသွားတာလျှော့သွားတာပေါ့ တော်လှန်ရေးအဖွဲ့တွေကတော့ ဆုတ်သွားရတာပေါ့ စကစကတော့ထပ်ပြီးတာ့တပ်မလား ချောင်းနှစ်ခွမှာပဲ နေမလားတော့မသိဘူး အခြေအနေတွေကတော့ရှုပ်နေတာပေါ့” လို့သူကဆိုပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၉ရက်နေ့မနက်အစောပိုင်းမှာစစ်တပ်က ချောင်းနှစ်ခွကျေးရွာကို အင်အား၃၀၀လောက်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့ကြပြီး KNLAပူးပေါင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ချောင်းနှစ်ခွကျေးရွာကို စစ်တပ်ပြန်လည် သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။

အခုလက်ရှိအချိန်မှာလည်းစစ်တပ်ကနယ်မြေရှင်းလင်းရေးလုပ်ဆောင်တာတွေ ၊ကျေးရွာတွေအတွင်းတပ်စွဲနေထိုင်တာတွေကြောင့် ချောင်းနှစ်ခွကျေးရွာ၊ တောင်ကလေးကျေးရွာအရှေ့ပိုင်းနဲ့ကျေးရွာပေါင်း၅ရွာလောက်က ဒေသခံ၁၀၀၀၀ကျော်ဟာ မုဒုံမြို့နဲ့အနီးအနားကျေးရွာတွေမှာ သွားရောက်နေထိုင်နေကြတယ်လို့ဆိုပါတယ်။

ချောင်းနှစ်ခွကျေးရွာအတွင်းစစ်တပ်နဲ့KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်လနီးပါးတိုက်ပွဲဖြစ်ပွားတာမှာ စစ်တပ်ကလက်နက်ကြီးပစ်တာ၊လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ချောင်းနှစ်ခွကျေးရွာအတွင်းက နေအိမ်အလုံး၅၀ကျော်မီးလောင်ပျက်စီးကာ မိကသစ်ကျေးရွာက ဦးဇင်းတစ်ပါးနဲ့ ပေါလောကျေးရွာကကလေးငယ်၂ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ – Cj

Phar Si Than (People’s Radio Myanmar)