ကရင်ပြည်နယ်၊ကမမောင်းမြို့တွင်းမှာစစ်မှုထမ်းခေါ်ယူဖို့အတွက်ကိုနယ်ခြားစောင့်တပ် GBF(၁၀၁၄)တပ်ရင်းမှဗိုလ်မောင်ချစ်ကဦးဆောင်ပြီးလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေသိပါတယ်။
စက်တင်ဘာလ ၅ရက်နေ့မှာ ကမမောင်းမြို့ကို အာဏာသိမ်းစစ်ကောင်စီရဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးရောက်ရှိလာပြီး အစည်းအဝေးပြုလုပ်ကာ စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်ဖို့အတွက် BGF အဖွဲ့ကို တာဝန်ပေးခဲ့တယ်လို့ မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။
“၅ ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးကမမောင်းကိုလာတယ် ပြီးတော့ ဌာနဆိုင်ရာဝန်ထမ်းအစုံကိုခေါ်ပြီးတော့ စစ်မှုထမ်းဥပဒေကိုအကောင်အထည်ဖော်ဖို့အတွက် BGF(၁၀၁၄)တပ်ရင်းမှူးဗိုလ်မောင်ချစ်ကိုတာဝန်ပေးသွားတာ”လို့သူကပြောပါတယ်။
စစ်မှုထမ်းဖို့အတွက်ကို အသက်၁၈ နှစ်ကနေ ၆၅နှစ်အထိ သတ်မှတ်ထားပြီး ရပ်ကွက် ၁ ခုကို အယောက်၉၀ ခေါ်ယူမှာဖြစ်သလို အဲ့ဒီစစ်မှုထမ်းတဲ့ သူတွေအတွက်ကိုလည်း ရိက္ခာနဲ့ ထောက်ပံ့ကြေးတွေကို ရပ်ကွက်နေပြည်သူတွေက ပေးဆောင်ရမယ်ဆိုကာ BGF (၁၀၁၄)တပ်ရင်းမှဗိုလ်မောင်ချစ်က ခြိမ်းချောက်နေတယ်လို့ မြို့ခံတွေကဆိုပါတယ်။
“၆ ရက်နေ့ကလည်း အမှတ် ၂ ရပ်ကွက်ကဘုန်းကြီးကျောင်းမှာ စည်းဝေးခေါ်ပြီးတော့ လာတဲ့သူတွေကိုလည်းသေနတ်နဲ့ ချိန်ထားတယ် ဗိုလ်မောင်ချစ်က စစ်မှုထမ်းဖို့၁ရပ်ကွက်ကို အယောက်၉၀ ပေးရမယ်တဲ့ အဲ့ဒီထဲက ၃၀ ကအတည်လုပ်ရမယ်တဲ့ ၆၀ကတော့အရံတဲ့ ရပ်ကွက် စစ်မှုထမ်းတဲ့သူတွေကို ထောက်ပံ့ကြေးကော ရိက္ခာကော ပေးရမယ်ဆိုပြီးတော့သဘောတူကြောင်းလက်မှတ်ထိုးခိုင်းတယ်”လို့ဆိုပါတယ်။
စစ်မှုထမ်းဖို့အတွက်ကိုလည်း ဗိုလ်မောင်ချစ်နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးမင်းတို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုစာရင်းကောက်ခံခိုင်းနေပေမဲ့လည်း အဲ့ဒီရပ်ကွက်အုပ်ချုပ်ရေ:မှူးတွေမှာတော့ အခုအချိန်ထိ စာရင်းကောက်ခံတာမျိုးမရှိသေးပါဘူး။
ဒါ့အပြင် ကရင်ပြည်နယ်အတွင်းက ဘားအံမြို့နယ်အတွင်းမှာရှိ ကျေးရွာတချို့မှာလည်း စစ်မှုထမ်းခေါ်ယူဖို့အတွက် ဆောင်ရွက်တာတွေရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။