
ဇန်နဝါရီလ ၃ရက်၊ ၂၀၂၄ ခုနှစ်
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က ဒေသခံနေအိမ်တွေမှာ တပ်စွဲနေထိုင်နေပြီး လမ်းပေါ်မှာ သွားလာနေသူတွေကို ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ ၁ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား ၁ လကျော်ကြာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာမှာ ဇန်နဝါရီလ ၃ရက်နေ့အထိ ဒေသခံတွေ စစ်ဘေးဆက်လက်တိမ်းရှောင်နေရတာကြောင့် စစ်တပ်က ဒေသခံနေအိမ်တွေပေါ်မှာ တပ်စွဲနေထိုင်နေကြပြီး လမ်းပေါ်မှာ သွားလာနေကြတဲ့လူတွေကို သေနတ်နဲ့ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
” မြို့ထဲမှာပိတ်မိနေတဲ့သူတွေရှိတယ်၊ သူတို့ကအပြင်မထွက်ရဲဘူး၊ ထွက်ချင်တဲ့သူတွေရှိတယ်၊ ထွက်လို့မရဘူး၊ လူမြင်ရင်ပစ်သတ်တယ် စစ်တပ်က၊ ဒီနေ့မနက်ပိုင်းတော့ ငြိမ်နေတယ်၊” လို့ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် ကော့ကရိတ်မြို့ထဲမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးဆက်လက်တင်းမာနေသလို တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ စစ်တပ်က လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်ခတ်နေတာကြောင့် ဝင်းကြီး၊ ချောင်းတောင်နဲ့ တံတားဦးရပ်ကွက်ရှိနေအိမ်တွေပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေ ဆက်ရှိနေတယ်လို့ ကော့ကရိတ်မြို့ခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက” တိုက်ပွဲက ငြိမ်နေတယ်၊ဒီမနက်က လက်နက်ကြီးနဲ့လည်းမပစ်တော့ဘူး၊ တိုက်ပွဲလည်း မဖြစ်တော့ဘူး၊ လက်နက်ကြီးက အရင်နေ့က နေ့တိုင်းပစ်တယ်၊အိမ်ပေါ်ကျတာတွေလည်းရှိတယ်၊” လို့ပြောပါတယ်။
ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ တစ်လအတွင်း စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်တာတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံ ၂၀ ကျော်သေဆုံးကာ နေအိမ်၁၅၀ နီးပါးမီးလောင်ပျက်ဆီးခဲ့တဲ့အပြင် ဒေသခံ နှစ်သောင်းဝန်းကျင်ကလည်း မြဝတီ၊ ဘားအံနဲ့မော်လမြိုင်မြို့တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံသတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Social Media
Phar Si Than(People’s Radio Myanmar)