
နိုဝင်ဘာလ ၂၈ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ကြက်စားပြင်ရပ်ကွက်က စောမိညိုလမ်းနဲ့ ကာစတန်ဆိပ်ကမ်းနေရာတွေကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက အင်အား (၃၀) လောက်နဲ့ သေနတ်ပစ်ဖောက်ဝင်ရောက်လာတဲ့ပြီး ပြည်သူတွေဆီကနေ တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ထားဝယ်မြို့ပေါ်ဒေသခံတွေဆီကနေ သိရပါတယ်။
နိုဝင်ဘာလ ၂၆ရက်နေ့၊ ည ၁၀နာရီလောက်မှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးပူပေါင်းအင်အား (၃၀)လောက်က သေနတ်ပစ်ဖောက်ကာ စစ်ကားတွေကို လမ်းထိပ်မှာထားခဲ့ပြီး ခြေလျင်ဝင်ရောက်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထားဝယ်မြို့ ဒေသခံတစ်ဦးကဆိုပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီတပ်သားတွေက လမ်းထဲရှိ နေအိမ် (၄၀)လောက်ကနေ ပြည်သူတွေကို အိမ်ရှေ့ကလမ်းထက်မှာ မှောက်လျက်နေခိုင်းပြီး နေအိမ်တွေပေါ်မှာ မွှေနှောက်ရှာဖွေခဲ့တယ်လို့ သူကအခုလိုပြောပါတယ်။
“ အကုန်လုံးကို ဆင်းလာခဲ့ဆိုပြီးခေါ်ချတယ်။ ကလေးတွေရော၊ လူကြီးတွေရောဆင်းရတာ။ ပြီးတော့ လမ်းပေါ်မှာ မှောက်လျက်နေခိုင်းတာ။ လှုပ်တာနဲ့ ပစ်မှာနော်ဆိုပြီး ခြိမ်းခြောက်တယ်။ အိမ်ပေါ်တွေမှာဝင်ရှာပြီး ပစ္စည်းတွေရော၊ ပိုက်ဆံတွေပါ အကုန်ပါသွားတယ်”လို့သူကပြောပြပါတယ်။
စစ်ကောင်စီတပ်သားတွေက စောမိညိုလမ်းထဲရှိပြည်သူ့ နေအိမ်တွေကနေ ရွှေငွေတွေအပါအဝင် လက်ကိုင်ဖုန်းတွေနဲ့ ပိုက်ဆံသိန်းရာဂဏန်းလောက်ကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။ အဲဒီနောက် အဆိုပါစစ်ကောင်စီတပ်သားတွေက စောမိညိုဘုန်းကြီးကျောင်းထဲရှိ အလှူဒကာ၊ဒကာမတွေရဲ့ ရွှေငွေတွေနဲ တန်ဖိုးရှိပစ္စည်းတွေကိုလည်း အကုန်ယူဆောင်သွားတယ်လို့ စောမိညိုလမ်းထဲ နေထိုင်သူတစ်ဦးက ဆိုပါတယ်။
“ ဝင်တာက ဘုန်းကြီးကျောင်းကိုပါမကျန်ဝင်တာ။ ဘုန်းကြီးကျောင်းထဲကလူတွေလည်း အကုန်ဝံ့ဘဲ့။ အလှူရှင်တွေဆီကနေ ပိုက်ဆံရော၊ ရွှေတွေရောယူထားတယ်။ မနက်ဖြန်ကျွေးမွေးဖို့အတွက် လုပ်ကိုင်နေကြတဲ့အချိန်ရောက်ချလာတာ” လို့သူကအခုလို ပြောပါတယ်။
အလားတူ နိုဝင်ဘာလ ၂၆ရက်နေ့ ညမှာဘဲ့ ကာစတန်ဆိပ်ကမ်းကို ဝင်ရောက်ပြီး လူငယ်အမျိုးသား (၃၀)ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ အဲ့ဒီနေရာမှာရှိတဲ့ နေအိမ်တွေကနေ ရွှေငွေနဲ့ ပိုက်ဆံတွေကို အကုန်ယူဆောင်သွားပြီး ဖမ်းထားတဲ့ လူတွေကိုတော့ ထားဝယ်မြို့ပေါ်ရှိ ကျန်းမာရေးလမ်းအရောက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ထားဝယ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
“ လက်နက်ငယ်တွေနဲ့ ပစ်ပြီးဝင်လာတာ။ လူငယ်တွေကိုလည်း လူသားအနေနဲ့ ဖမ်းတယ်။ ပြီးတော့ လူတွေဆီကနေ ဝတ်ထားတဲ့ ရွှေတွေကအစ ချွတ်ယူသွားတယ်။ လမ်းမသစ်(ကျန်းမာရေးလမ်း) ကိုရောက်တော့ အကုန်ပြန်လွှတ်ပေးခဲ့တယ်” လို့သူက အခုလိုပြောပြပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သားတွေက ည ၁၁နာရီလောက်မှာတော့ ကားတွေနဲ့ ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့သိရပါတယ်။ ကာစတန်ဆိပ်ကမ်းဟာ အထက်မြို့ပေါ်တွေကနေ လာရောက်အလုပ်လုပ်ကို်ငနေတဲ့ သူတွေ အများဆုံးနေထိုင်ရာ နေရာတစ်ခုဖြစ်ပါတယ်။
ထားဝယ်မြို့ပေါ်မှာ ညမထွက်ရ အမိန့်ကို ည ၁၁နာရီကနေ မနက် ၃နာရီအထိ စစ်ကောင်စီက သတ်မှတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ နိုဝင်ဘာလအတွင်း ထားဝယ်မြို့ပေါ်မှာ ပေါ်တာဆွဲခံနေရပြီး သတင်းအစအနမရှိ ပျောက်ဆုံးနေတဲ့ သူတွေများလာပြီ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)