
ဖေဖော်ဝါရီလ ၁၄ရက်နေ့၊ ၂၀၂၄ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ ဒေသခံတွေအနေနဲ့ ကျေးရွာနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံစာပါမှသာ လေယာဉ်လတ်မှတ် ဝယ်ယူလို့ ရတယ်လို့ မြိတ်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။
မြိတ်မြို့ဒေသခံတွေအနေနဲ့ လေယာဉ်နဲ့ ခရီးသွားမယ်ဆိုပါက အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံစာပါမှ ရောင်းချဖို့ စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၉ရက်နေ့က လေကြောင်းလိုင်းတွေကို အကြောင်းကြားစာပို့ခဲ့တယ်လို့ လေယာဉ်လတ်မှတ် အရောင်းကိုယ်စားလှယ်တွေထံမှ သိရပါတယ်။
ရပ်ကွက်ရုံးတွေမှာ ဒေသခံတွေအနေနဲ့ ထောက်ခံစာတစ်စောင်ကို ၃၀၀၀ ကျပ်ကနေ ၁၀၀၀၀ကျပ်အထိ ပေးဆောင်နေရပြီး တချို့ရပ်ကွက်တွေမှာဆို ရဲစခန်းထောက်ခံစာပါယူခိုင်းတယ်လို့ မြိတ်မြို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ရပ်ကွက်တစ်ခုနဲ့တစ်ခု မတူကြဘူး။ တချို့ညစ်တဲ့ ရပ်ကွက်တွေဆို ၁သောင်းထိတောင်းတယ်။ တချို့ရပ်ကွက်တွေဆို သူတို့ကတစ်ဆင့် လုပ်ပေးပြီးရင် ရဲစခန်းကို လွှတ်တယ်။ ရဲစခန်းမှာလည်း ပိုက်ဆံထပ် ပေးရတယ်။ ၅ထောင်လောက်ပေးခဲ့ရတယ်။ မလုပ်ချင်လည်း လုပ်နေရတယ်” လို့သူက အခုလို ပြောပါတယ်။
စစ်ကောင်စီတပ်က ပေးပို့ခဲ့တဲ့ အကြောင်းကြားစာထဲမှာ ဝန်ထမ်းကလွဲရင် ပြည်သူတွေ လေယာဉ်လတ်မှတ် ဝယ်ယူမယ်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံစာ ယူလာရမယ်ဆိုတာကို ညွှန်ကြားထားတယ်လို့ လေယာဉ်လတ်မှတ်အရောင်း ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အွန်လိုင်းကနေတဆင့် လတ်မှတ်ဝယ်ယူမယ်ဆိုပါက ထောက်ခံစာကို လေဆိပ်သို့ ယူဆောင်လာဖို့အတွက် ညွှန်ကြားထားသေးတယ်လို့ သူကဆက်ပြောပါတယ်။
အခုလက်ရှိမှာတော့ မြိတ်မြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ထောက်ခံစာကို လွယ်လွယ်နဲ့ မထုတ်ပေး တော့တာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ မြိတ်မြို့ဒေသခံက ပြောပြပါတယ်။
“ ရပ်ကွက်လူကြီးတွေနဲ့လည်းဆိုင်တယ်။ တချို့တွေက ရစ်တယ်။ ဘယ်သွားမှာလဲ။ ဘာလုပ်မှာလဲ မေးတယ်။ ငွေညှစ်တယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ တရားဝင်ကြော်ငြာလိုက်တာကြောင့် စစ်မှုမထမ်းလိုတဲ့ ဒေသခံတွေအနေနဲ့ ထွက်ပြေးမှာကို ထိန်းချုပ်လိုက်တဲ့ သဘောဖြစ်နိုင်တယ်လို့ မြိတ်မြို့ ဒေသခံတွေအနေနဲ့ ခန့်မှန်းပြောဆိုနေကြပါတယ်။
လေယာဉ်လတ်မှတ်ကိုတော့ ရပ်ကွက်ထောက်ခံစာပါမှဝယ်လို့ရပြီး ကားလတ်မှတ်တွေကိုတော့ ထောက်ခံစာမပါဘဲ ဝယ်လို့ရပေမယ့် ကားဂိတ်တွေအနေနဲ့ လမ်းမှာ ကြုံလာတဲ့ ပြသနာတွေကို တာဝန်ယူမှာမဟုတ်ဘူးဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အခုလို လုပ်ဆောင်ချက်ကိုတော့ တနင်္သာရီတိုင်းမှာရှိတဲ့ လေဆိပ်သုံးခုအနက် မြိတ်လေဆိပ်တစ်ခုတည်းကိုသာ ညွှန်ကြားထားတာဖြစ်ပြီး ထားဝယ်နဲ့ ကော့သောင်းလေဆိပ်တွေမှာတော့ မရှိဘူးလို့ လေကြောင်းလိုင်းနဲ့ နီးစပ်တဲ့သူတွေဆီကနေ သိရပါတယ်။
သတင်း – နော်အယ်နီး
ပုံ – မြိတ်လေဆိပ်
Phar Si Than (People’s Radio Myanmar)