သဲကုန်းမြို့လယ်ခေါင်မှာ စစ်ကောင်စီတပ်လက် အောက်ခံပျူ‌စောထီးခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းခံရ

အောက်တိုဘာလ ၁၃ရက်၊ ၂၀၂၃ခုနှစ်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ကစစ်ကောင်စီတပ်လက်အောက် ပျူ‌စောထီးခေါင်းဆောင် စိုးအောင်ကို သဲကုန်းမြို့လယ်ခေါင် စျေးအနီးမှာ ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ သိရပါတယ်။

အောက်တိုဘာ (၁၂)ရက်နေ့ မနက်(၆:၃၀)ခန့်မှာ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၃ ၊ တပ်စု ၃ (Wisdomအဖွဲ့)က ပျူစောထီးခေါင်းဆောင် စိုးအောင်ကို စစ်ကောင်စီတပ်ဖွဲ့ကိုသတင်းပေးတာ၊ဒေသခံပြည်သူတွေကို pdfတွေနဲ့ ဆက်သွယ်တယ်ဆိုတာဖမ်းဆီးခိုင်းတာ၊ ငွေညစ်တာတွေကြောင့် သေနတ်ဖြင့် (၃)ချက် ပစ်ခတ်ရှင်းလင်းခဲ့ကာ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံကပြောပါတယ်။

“သဲကုန်းကပျူစောထီးခေါင်းဆောင်ပေါ့နော်သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တာပေါ့ ပစ်ခတ်ရှင်းလင်းတာကတော့ သဲကုန်းမြို့လယ်ခေါင်မှာရှိတဲ့ ဈေးနားဝန်းကျင်မှာပဲ သူကတော့ပျူစောထီးတွေရဲ့ထုံစံအတိုင်းပဲပေါ့နော်ပြီးတော့ သူကမြို့ရဲ့အကြီးဆုံးခေါင်းဆောင်တစ်ယောက် သူ့ကိုလိုက်တာ တစ်လနှစ်လလောက်ရှိနေပြိီ သတင်းတိတိကျကျရတဲ့အတွက် သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်”လို့ သူကပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့စိုးအောင်မှာ စစ်ကောင်စီတပ်ရဲ့ အမာခံအကြီးစား ထောက်တိုင်တစ်ယောက်ဖြစ်ရုံမကပဲ ပျူ‌စောထီး ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသူလည်းဖြစ်ပြီး စစ်ကောင်စီက ခေါ်ယူစုဆောင်းနေတဲ့ ပျူစောထီးဖွဲ့စည်းတာ စစ်သင်တန်း‌ပေးတာတွေအတွက် လူအင်အား ရှာဖွေစုဆောင်းတာ စည်းရုံးသိမ်းသွင်းတာ အဓိကဦးဆောင်ပြီး စုဆောင်း လုပ်ဆောင်ပေးနေသူဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“သူကစစ်ကောင်စိီထောက်တိုင်အကြီးစားပြီးတော့ ပြည်သူ့စစ်သင်တန်းပေးတဲ့နေရာမှာပါဝင်ပတ် သက်နေတယ် ပြည်သူ့စစ်ခေါင်းဆောင်တွေရွေးတဲ့အခါမှလည်းသူကငွေအားလူအင်အားအကုန်စိုက်ထုတ်ပေးတယ် ဦးစိုးအောင်က ၂၀၂၁ခုနှစ်ပါတီစုံရွေးကောက်ပွဲတုန်းက ပြည်သူ့လွှတ်တော်အမတ်နဲ့သူက အရွေးခံတာ အခုသူဒီဖြစ်တဲ့ကိစ္စကပြည်သူ့စစ်သင်တန်း​ပေးနေတဲ့နေရာမှာ ထောက်တိုင်အကြီးစားပါဝင်ပတ်သက်နေတာ”လို့ သူကပြောပါတယ်။

သဲကုန်းမြို့ကစစ်ကောင်စီလက်အောက်ခံပျူးစောထီးခေါင်းဆောင် ပစ်သတ်ခံရပြီးနောက်ပိုင်း သဲကုန်းမြို့ အဝင်အထွက်နေရာတွေမှာ စစ်ကောင်စီတပ်က ကား၊ဆိုင်ကယ်တွေကို စစ်ဆေးတာတွေပြုလုပ်နေပြီး အောက်တိုဘာလ ၁၂ ရက်နေ့ညပိုင်းအချိန်တုန်းကလည်း စစ်ကောင်စီတပ်သားတွေက ကင်းလှည့်စစ်ဆေးတာတွေကိုပြုလုပ်ခဲ့တယ်လို့ နောက်ထပ်သဲကုန်းမြို့ဒေသခံအမျိုးသားတစ်ဦးကဆိုပါတယ်။

ပဲခူးတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ​နယ်မြေခံတော်လှန်းအင်အားစုတို့မှာ နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်ပြီး အခုလိုတိုက်ပွဲတွေဖြစ်ပွားဖြစ်ပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဘက်မှ အနီးအနားကျေးရွာတွေကိုလက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်တာ၊ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တာ ၊ကျေးရွာထဲကလူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ပဲခူးတိုင်းပကဖရဲ့ပြောရေးဆိုခွင့်ရှိသူကိုဝေယံကပြောပါတယ်။

စစ်ကောင်စီတက်အာဏာသိမ်းပြီးနောက်ပိုင်းပဲခူးတိုင်းအတွင်းက စစ်ကောင်စီတပ်စခန်း တွေ၊ စစ်ဆေးရေးဂိတ်တွေ၊စစ်ကောင်စီတပ်စစ်ကြောင်းတွေမှာ မကြာခဏ ကြားဖြတ်တိုက်ခံနေရတာ၊ မိုင်းဆွဲတိုက်ခိုက်ခံ​နေရတာအပြင် စစ်ကောင်စီတပ်လက်အောက်ခံဝန်ထမ်းတွေနဲ့ သတင်းပေးသူတွေမှာလည်း မကြာခဏရှင်းလင်းခံနေရတာဖြစ်တယ်လို့ နယ်မြေခံတော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

သတင်း-နော်ဖူးဖူး

ပုံ-cj

Phar Si Than (People’s Radio Myanmar)