ချောင်းနှစ်ခွကျေးရွာကို စစ်ကောင်စီတပ်ကရဟတ်ယာဉ်နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်

နိုဝင်ဘာလ ၂၅ရက်၊ ၂၀၂၃ခုနှစ်

 

မွန်ပြည်တယ်၊ကျိုက်မရောမြို့နယ် ၊ ချောင်းနှစ်ခွကျေးရွာပတ်ပတ်လည်ကို စစ်ကောင်စီတပ်ဘက်က Mi (35) ရဟတ်ယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ ဝင်တွေရဲ့  ပြောပြချက်အရသိရပါတယ်။

နိုဝင်ဘာလ ၂၄ရက်နေ့ နေ့လည်၁၂နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်မှ Mi(35) ရဟတ်ယာဉ်နဲ့ ချောင်းနှစ်ခွကျေးရွာထဲနဲ့ အနီးအနားကျေးရွာတွေဘက်ကိုနာရီဝက်နီးပါးအကြာလောက် ပစ်ခတ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်မှတစ်စုံတစ်ရာထိခိုက်ဒဏ်ရာရရှိတာမျိူးမရှိဘူးလို့ KNLAသတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။

“အခုပဲ Miနဲ့ လာပစ်သွားတယ်ရွာထဲကိုပဲ ထိခိုက်တာတော့ မရှိဘူး သူတို့က ကိုယ်   တွေရှိမယ်လို့ ထင်တဲ့နေရာတွေကို ရမ်းပြီးထုသွားတာ နာရီဝက်လောက်တော့ကြာတယ်”လို့ သူကပြောပါတယ်။

အခုလို ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိတာမျိုးမသိရှိရသေးပေမဲ့ ရဟတ်ယာဉ်မှာ ကျေးရွာထဲနဲ့ ရွာနာပတ်ပတ်လည်ကို မိနစ်အတော်ကြာကြာပစ်ခတ်သွားပြီး ညပိုင်းအချိန်မှာလည်း မုဒုံမြို့အမြှောက်တပ်နဲ့ တောင်ကလေးစခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ချောင်းနှစ်ခွကျေးရွာသားတစ်ဦးကပြောပါတယ်။

“မနေ့က လာပစ်တယ်ပုစဉ်းထိခိုက်တာတော့မသိသေဘူးပစ်တာကတော့ရွာထဲပစ်တယ် ရွာပတ်လည်လည်ကို ပြီးတော့နာရီဝက်(၄၅)မိနစ်လောက်တော့ကြာတယ်သူပတ် ပတ်တယ်လိုက်ကြည့်ကြည့်ပြီး တော့တောက်လျှောက်လိုက်ပစ်ပြီးတော့သူပြန်သွားတယ် ညကလည်းပစ်တယ် ဒီမနက်တော့ဘာမှမကြားသေးဘူး”လို့ သူကပြောပါတယ်။

တောင်ကလေးကျေးရွာအတွင်းမှာလည်း စစ်ကောင်စီတပ်ဘက်က နိုဝင်ဘာလဒုတိယအပတ်လောက် ကစပြီး ကျေးရွာအတွင်းကနေအိမ်တွေကို ဝင်ရောက်ယူဆောင်တာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေမှာ ဝင်ရောက်နေထိုင်နေတာကြောင့် တောင်ကလေးကျေးရွာအရှေ့ပိုင်းမှာရှိတဲ့ ဒေသခံပြည်သူမှာရွာထဲမနေထိုင်ကြတော့ပဲ မြို့ပေါ်တွေနဲ့ အနီးအနားကျေးရွာတွေမှာ ပြောင်းရွှေ့နေထိုင်နေကြတာလည်းဖြစ်ပါတယ်။

တောင်ကလေးကျေးရွာသားတစ်ဦးကတော့ “ကျွန်တော်တို့မှာ ကျွင်းတူးထားတာ အခုတော့ကျွင်းထဲလည်းနေမရတော့ဘူး စကစ တပ်သားတွေအရမ်းနီးလာပြီ သူတို့ဒရုန်းနဲ့ တိုက်ခိုက်ခံရတော့ တစ်အိမ်ပြီးတစ်အိမ်ပြောင်းရင်းနဲ့ အနားကပ်လာတာ ရွာလယ်ပိုင်းနဲ့ ပိုနီးလာတယ်အရှေ့ပိုင်းကလူတွေအများစုကတော့ ရွာအနောက်ပိုင်းထဲနေကြတယ် အသိတွေအိမ်နဲ့ မြို့ထဲပြောင်းထဲသူကပြောင်းပေါ့ ရွာထဲက(၁၀၀)မှာ (၃၀)လောက်တော့ မြို့ပေါ်ရောက်နေကြပြီ”လို့ သူကပြောပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်ကောင်စီတပ်ဘက်က သေဆုံးမှုတွေလည်းရှိနေတယ်လို့ KNLAသတင်းအရင်းအမြစ်တွေကဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ရက်နေ့တုန်းကလည်း တောင်ကလေးရဲစခန်းကနေ ချောင်းနှစ်ခွကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းကနေအိမ်(၅)လုံး ထပ်မံမီးလောင်ပျက်စီးခဲ့တယ် လို့ နယ်မြေခံသတင်းအရင်းမြစ်တွေရဲ့ပြောပြချက်အရသိ ရပါတယ်။

 

သတင်း – နော်ဖူးဖူး

ပုံ – Cj

Phar Si Than (People’s Radio Myanmar)