
နိုဝင်ဘာလ ၂၅ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နဲ့ လိပ်သိုလ်မြို့ဘက်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခြင်းမရှိဘဲ လိပ်သိုလ်မြို့အခြေစိုက်စစ်တပ် ခမရ (၆၀၃) တပ်ကနေလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ညတိုင်းပြုလုပ်နေတယ်လို့ သံတောင်မြို့ဒေသခံတွေဆီက သိရပါတယ်။
သံတောင်မြို့မှာ စစ်ကောင်စီတပ်လက်အောက်ခံ လိပ်သိုလ်အခြေစိုက်တပ်နဲ့ ဘုရင့်နောင်တပ်ကနေ နိုဝင်ဘာလ ၁၅ ရက်နေ့လောက်ကစပြီး တိုက်ပွဲ ဖြစ်ပွားတာတွေမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့ ညပိုင်းကလည်း လိပ်သိုလ်အခြေစိုက်စစ်တပ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပြီး လူထိခိုက်တာမရှိဘူးလို့ သံတောင်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
” ဒီနေ့ကငြိမ်နေတယ်၊ အရင်နေ့တွေကဆို မိုးချုပ်ခါနီးရင် ရမ်းပစ်နေပြီး၊ လောလောဆယ်မှာတော့ လူထိခိုက်တာတွေ မရှိသေးပါဘူး၊ သူတို့ကနေ့တိုင်း လက်နက်ကြီးတွေနဲ့ပစ်နေတာဘဲ၊ ညမိုးနည်းနည်းချုပ်တာနဲ့ အသံစကြားရပြီး၊” လို့ သံတောင်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေက သံတောင်မြို့အနီးတစ်ဝိုက် ကျေးရွာတွေဖြစ်တဲ့ ပျားစခန်း၊ ရှမ်းပြုံးချောင်း၊ ကယားပြုံးချောင်းနဲ့ ရေဆင်းကုန်းကျေးရွာဘက်တွေမှာ လေယာဥ်နဲ့ ကင်းပတ်တာတွေကို ဆက်တိုက်ပြုလုပ်နေပြီး တင့်ကားနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကို နေရောညပါ ပြုလုပ်နေကြတယ်လို့ သံတောင်မြို့ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
” ခုတော့စစ်ကောင်စီကတင့်ကားနဲရွာတွေဘက်တော့လိုက်ပစ်တာပေါ့နော်၊ လေယာဥ်နဲ့ ဝဲပြီး ကင်းထောက်တာတွေလည်း နေ့တိုင်းရှိနေပါတယ်၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေတော့မရှိဘူး၊ လေယာဥ်ပေါ်ကနေ၊ တင့်ကားနဲ့ကတော့ တစ်ချိန်လုံးပစ်နေတယ်၊” လို့ သူကပြောပါတယ်။
လက်ရှိအချိန် သံတောင်မြို့နဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ကျေးရွာတွေဘက်ကို ဝင်ရောက်ပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကို မကြာခဏ ပြုလုပ်နေတယ်လို့ သံတောင်မြို့ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ် လက်အောက်ခံ ခလရ (၃၉) ကနေရှိ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့တာကြောင့် ကယားပြုံးချောင်း၊ရှမ်းပြုံးချောင်း အနောက်ရွာနဲ့ ရေဆင်းကုန်းကျေးရွာတွေက နေအိမ် (၂၅) လုံးကျော် မီးလောင်ပျက်စီးခဲ့သေးတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)