စစ်ကောင်စီတပ်က ကျင်းပတဲ့ သပိတ်မျှောပွဲတော်ကို ပြည်သူတွေ သွားရောက်ခြင်းမရှိ

အောက်တိုဘာလ ၂၈ရက်နေ့၊ ၂၀၂၃ခုနှစ်

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ စစ်ကောင်စီတပ်က ကျင်းပပြုလုပ်နေတဲ့ ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို ပြည်သူလူထုတွေအနေနဲ့ သွားရောက်လည်ပတ်တာတွေ မရှိဘူးလို့ ထားဝယ်မြို့ ဒေသခံတွေ ဆီကနေသိရပါတယ်။

 

အဆိုပါ ပွဲတော်မှာ စစ်ကောင်စီတပ်ဘက် စစ်သားအင်အား အများအပြားနဲ့ လုံခြုံရေးတင်းကျပ်ထားသလို ကမ်းနားလမ်းရှိ အိမ်တစ်ဆောင်ရဲ့ ခေါင်မိုးပေါ်နဲ့ အခြားနေရာတစ်ခုမှာ ရေဒီယိုလိုင်းဖြတ်စက် (Jumper) တပ်ဆင်ထားတယ်လို့ ထားဝယ်မြို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

 

လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေက ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို စစ်ဆေးမှုတွေ အတင်းအကျပ်ပြုလုပ်ပြီး အထောက်အထား တစ်ခုမရှိပါက အနည်းဆုံဒဏ်ငွေ ၃သောင်းကျပ်ပေးဆောင်ရတယ်လို့ စစ်ဆေးခံရတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

 

“ လုံခြုံရေးက ကမ်းနားလမ်းတစ်လျှောက်ရှိတယ်။ CCTVတွေလည်း တပ်ထားတယ်။ မနေ့ကတည်းက တစ်လမ်းလုံး ဘယ်သူမှသွားလို့ မရဘူး။ ကိုယ့်ကိစ္စနဲ့ ကိုယ်သွားတာတောင် ယာဉ်မောင်းလိုင်စင်တွေလည်း စစ်တယ်။ တစ်ခု မစုံရင် ဆိုင်ကယ်သိမ်းတယ်။ အမှုတစ်ခုကို အနည်းဆုံ သုံးသောင်းပေးရတယ်” လို့ သူကအခုလိုပြောပါတယ်။

 

ကမ်းနားလမ်း အနီးတဝိုက်မှာ ရေဒီယိုလိုင်းဖြတ်စက် (Jumper)တပ်ဆင်ထားတာကြောင့် ဖုန်းလိုင်း၊ ဝိုင်ဖိုင်လိုင်းတွေ ပြတ်တောက်တာ၊ လိုင်းမကောင်းတာတွေ ကြုံနေရတယ်လို့ သိရပါတယ်။

 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က သပိတ်မျှောပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ပေမဲ့ ပြည်သူတွေအနေနဲ့ အဲ့ဒီပွဲတော်ကို သပိတ်မှောက် ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်ကလည်း အဲ့ဒီ သပိတ်မျှောပွဲတော်ကို စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာ ဝန်းထမ်းတွေနဲ့ စစ်တပ်နဲ့ နီးစပ်သူတွေကသာ ပါဝင်ဆင်နွှဲခဲ့တယ်လို့ ထားဝယ်မြို့ရှိ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

“ သူတို့က ပြည်သူတွေ ပျော်ဖို့အတွက် လုပ်တယ်ပြောပြီး ကျမတို့က စစ်သားတွေကို မြင်တာနဲ့ ကြောက်တယ်။ သပိတ်မျှောတဲ့ ပွဲကိုလာတာ စစ်တပ်ကလူတွေနဲ့ သူတို့ကို ထောက်ခံနေတဲ့ သူတွေဘဲလာတာ။ စစ်တပ်က လုပ်တဲ့ ပွဲကိုလည်း ကျမတို့အနေနဲ့ ပါဝင်စရာအကြောင်းမရှိဘူး” လို့ သူကအခုလို ဆိုပါတယ်။

 

နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက “ သူတို့ ဝန်ထမ်းတွေနဲ့ ပုံမှားရိုက်ပြီး လူစည်နေတဲ့ပုံမျိုးနဲ့ ရိုက်ကူးရေးလုပ်လိမ့်မယ်။ သူတို့ လုပ်တဲ့ ပွဲကို ဘယ်ပြည်သူကမှ ပါဝင်မှာ မဟုတ်ဘူး။ ကာကွယ်ရေးတပ်တွေဘက်ကလည်း သတိပေးထားတာတွေရှိတော့ သပိတ်မျှော်ပွဲက သူတို့လောက်ဘဲ့ ရှိမှာပါ” လို့ သူကအခုလို ပြောပြပါတယ်။

 

အောက်တိုဘာလ ၂၅ရက်နေ့ကလည်း သပိတ်မျှောပွဲတော်လုပ်မယ့် ထားဝယ်ကမ်းနားလမ်းရှိ မြောင်းပုလဲတံတားမှာ ဗုံးပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

 

ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ပုံရိပ်တွေကို ဖျက်ဖို့ စစ်တပ်က ပြည်သူတွေကို အန္တရာယ်ပေးနိုင်တဲ့အတွက် သီတင်းကျွတ်ကာလအတွင်း စစ်ကောင်စီက ကျင်းပလုပ်တဲ့ ပွဲလမ်းသဘင်တွေမှာ ပါဝင်မဆင်နွှဲကြဖို့နဲ့ ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာလ ၂၄ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ-CJ

Phar Si Than (People’s Radio Myanmar)