[videopress 0AQxmuVV]
ဒီဇင်ဘာလ ၁ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အထွက်ရှိ ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေဘက်က တပ်သား (၁၀)ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ရင်(၁) ရဲ့ ပြန်ကြားရေးတာဝန်ခံဆီကနေ သိရပါတယ်။
နိုဝင်ဘာလ ၂၆ရက်နေ့၊ မနက် ၅နာရီ ၁၅မိနစ်လောက်မှာ ထားဝယ်မြို့အထွက်ရှိ အင်အား (၂၀)ကျော်နဲ့ တပ်စွဲထားတဲ့ တံတားစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက အလစ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ပြီး အပြန်အလှန်ပစ်ခတ်မှု ၁နာရီလောက်ကြာမြင့်ခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ရင်(၁) ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
“ သူတို့တပ်စွဲထားတာက ကြာပါပြီ။ အာဏာသိမ်းပြီးကတည်းက စွဲထားပါတယ်။ ကျနော်တို့ သွားတဲ့အချိန်ကတော့ အင်အား (၂၀)လောက်ရှိတာပေါ့” လို့ သူကအခုလိုပြောပါတယ်။
အဲ့ဒီ ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်ဟာ မြိတ်-ထားဝယ်ကားလမ်းပေါ်မှာတည်ရှိပြီး စစ်ဆေးရေးဂိတ်မှာ ရှိတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတာနဲ့ ငွေးကြေးတောင်းခံတာတွေကို လုပ်ဆောင်လေ့ရှီတယ်လို့ ထားဝယ်မြို့ဒေခံတစ်ဦးကပြောပြပါတယ်။
“ စစ်သားတွေထက် ငွေတောင်းတာက ပျူစောထီးကပိုဆိုးတယ်။ စစ်ပြီဆိုရင်လည်း အကုန်လှန်ပြီးစစ်တာ။ တခုမပြည်စုံတာနဲ့ ငွေချက်ချင်းတောင်းတယ်။ လပြည့်နေ့က ပစ်သံတွေတော့ကြားရတယ်။ အဲ့ဒီတံတားကို ပိတ်ချပြီးတော့ စစ်တယ်” လို့ သူကပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်တွေဘက် စစ်ကူရောက်ရှိလာတာကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်တပ်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပစ်ခတ်မှုတွင်း စစ်ကောင်စီတပ်တွေဘက်က စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်နဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
ထားဝယ်ခရိုင်တပ်ရင်(၁) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ ကျနော်တို့နဲ့ အပြန်အလှန်ပစ်တာ ၁နာရီကျော်ပါတယ်။ သူတို့ဘက်က စစ်ကူလိုက်လာတော့ကျနော်တို့ ဆုတ်လာလိုက်တာပါ။ ထိခိုက်သေဆုံးတာကတော့ ကိုယ်တိုင်မျက်မြင်၊ ဒေသခံပြောကြားချက်၊ တပ်တွင်းသတင်းတွေ အားလုံးပေါင်းပြီး သိရတာပါ” လို့ သူကဆက်ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်တပ်ရင်း(၁) တပ်ခွဲ(၂)နဲ့ နွေဦးပြောက်ကျား အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ရဲ့ ပေါက်တိုင်းတံတားဂိတ်နဲ့ ဇဟာအခြေစိုက် အမတ (၃၀၁)ကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ထားဝယ်မြို့နယ်ရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ထားဝယ်မြို့နယ်အတွင်းမှာ တိုက်ပွဲအခြေအနေပြင်းထန်လာနိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ရေးသတိအမြဲရှိဖို့၊ ဖြတ်သွားဖြတ်လာပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့အနီးမှာ မနေကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်တပ်ရင်း(၁)က သတိပေးပြောဆိုထားပါတယ်။
သတင်း – နော်အယ်နီး
ပုံ – CJ
Phar Si Than (People’s Radio Myanmar)