
နိုဝင်ဘာလ ၂၇ရက်နေ့၊ ၂၀၂၃ခုနှစ်
ရန်ကုန်တိုင်းဒေကြီး၊ သန်လျင်မြို့ရှိ လွန်ကျင်းဌာန၊ ရေတပ်သင်္ဘောကျင်းဌာနချုပ် (သီလဝါ) က တပ်ကြပ်ကြီးတစ်ဦး ပုလောမြို့ကို ခွင့်နဲ့ပြန်လာရင်း မြိတ်ခရိုင်တပ်ရင်း(၁)ကို အလင်းဝင်လာခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)ရဲ့ ပြန်ကြားရေတာဝန်ခံဆီကနေ သိရပါတယ်။
သီလဝါ ရေတသင်္ဘောဌာနချုပ်ကနေ ပုလောမြို့ကို ခွင့်နဲ့ပြန်လာပြီး နိုဝင်ဘာလ ၁၉ရက်နေ့ မှာတော့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနဲ့ ချိတ်ဆက်ကာ ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ခဲ့တာဖြစ်တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)ရဲ့ ပြန်ကြားရေတာဝန်ခံက ဆိုပါတယ်။
“ ကျနော်တို့ဆီကိုတော့ ဒေသခံတွေကနေ တဆင့်ဆက်သွယ်လာတာပါ။ ဆက်သွယ်ပြီးနောက်နေ့မှာတော့ တပ်ရင်းကို ရောက်လာပါတယ်။ အချက်အလက်ဆိုတာထက် တဆင့်ဆက်သွယ်လာတဲ့ ဒေသခံတွေအပေါ် ယုံကြည်မှုနဲ့ပဲ လက်ခံခဲ့တာပါ” လို့ သူကအခုလို ပြောပါတယ်။
မြိတ်ခရိုင်တပ်ရင်း(၁)ထံ အလင်းဝင်ရောက်လာသူက အသက် ၂၃နှစ်အရွယ်ရှိ တပ်ကြပ်ကြီး ကိုအောင်ကျော်မျိုးဆိုသူက CDMပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။
“ CDM လုပ်တာက အဲ့ဒီထဲမှာ မနေချင်တာလည်းပါတယ်။ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ရဲတွေ၊ စစ်သားတွေက လက်နက်အားကိုးပြီးတော့ ထုတယ်၊ ရိုက်တယ်။ ပြီးတော့ သူတို့က ရွာတွေကပြည်သူတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ အဲလိုတွေလုပ်နေကြလို့ အခုလို CDMလုပ်ဖြစ်သွားတာပါ” လို့ သူကအခုလိုဆိုပါတယ်။
တပ်ကြပ်ကြီး ကိုအောင်မျိုးကျော်က ၂၀၁၉ခုနှစ်ကတည်းက စစ်ကောင်စီတပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ပြည်သူတွေအပေါ် မတရားနှိပ်စက်နေတာကို တွေ့နေရတာကြောင့် အခွင့်ရေးရတာနဲ့ ချက်ချင်း အလင်းဝင်တာဖြစ်တယ်လို့ ကိုအောင်မျိုးကျော်က ဆက်ပြောပါတယ်။
အခုလက်ရှိမှာတော့ မိသားစုဝင်တွေအနေနဲ့လည်း လုံခြုံတဲ့နေရာမှာရောက်ရှိနေတယ်လို့ သိရပါတယ်။ ကိုအောင်ကျော်မျိုးအနေနဲ့ တော်လှန်ရေးမှာ ကျရာကဏ္ဍကနေ တဖက်တလမ်းကူညီသွားမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။
အခုလက်ရှိအချိန်ထိ မြိတ်ခရိုင်တပ်ရင်း(၁) ကိုလာရောက်ပူးပေါင်းတဲ့ တပ်သား ၃ယောက်ရှိပြီး လတ်တလောမှာတော့ မြိတ်ခရိုင်တပ်ရင်း(၁)မှာဘဲ နေထိုင်ကာ သူတို့ကျွမ်းကျင်တဲ့ ကဏ္ဍတွေကနေ တော်လှန်ရေးမှာ တဖက်တလမ်းကနေ ပါဝင်ပေးနေကြတယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)ရဲ့ ပြန်ကြားရေတာဝန်ခံပြောပြချက်အရ သိရပါတယ်။
တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီတပ်ဘက် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကို အလင်းဝင်ရောက်လာတဲ့ တပ်သား ၄၀ကျော်ရှိတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း တပ်ထဲမှာ တာဝန်မထမ်းဆောင်လိုတာကြေင့် ပြည်သူ့ဘက်ကို လာရောက်ခိုလှုံတဲ့ စစ်ကောင်စီတပ်သား ၁၅၀၀၀ ကျော်ရှိတယ်လို့ NUGရဲ့ ထုတ်ပြန်ထားချက်တွေ အရသိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ-CJ
Phar Si Than (People’s Radio Myanmar)