လောင်းလုံမြို့နယ်ရှိ ကျေးရွာနှစ်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က တရက်တည်း မီးရှို့ဖျက်ဆီးသွား

ဇန်နဝါရီလ ၁ရက်နေ့၊ ၂၀၂၄ခုနှစ်

 

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်ရှိ စစ်ပြဲရွာနဲ့ လေးသွန်းခံရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က တရက်တည်းမှာဘဲ့ မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ လောင်းလုံမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီဇင်ဘာလ ၂၇ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက လောင်းလုံမြို့ထဲရှိရွာတွေထဲကို ကုန်းလမ်းရော ရေလမ်းကပါ အင်အား ၁၅၀ဝန်းကျင်လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကညုံကျွန်း၊ ဝေဒီနဲ့ စစ်ပြဲရွာက နေအိမ်တွေကို မွှေနှောက်ရှာဖွေတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ လောင်းလုံမြို့နယ်ရှိ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ ဝေဒီရွာကိုတော့ ကုန်းကြောင်းကနေ ဝင်တာ။ ကညုံကျွန်းကိုကျတော့ ရေလမ်းကဆင်းလာတယ်။ စစ်ကြောင်းက သုံးကြောင်း။ ကမ်းခြေတစ်လျှောက်မှာ ကာဗာယူထားတဲ့ ပုံစံမျိုးနဲ့ကတစ်ကြောင်း။ အင်အားက ၁၅၀လောက်ရှိတယ်” လို့သူကအခုလိုပြောပါတယ်။

ဒီဇင်ဘာလ ၂၈ရက်နေ့၊ ညနေ ၄နာရီဝန်းကျင်လောက်မှာတော့ အဲ့ဒီစစ်ကောင်စီတပ်သားတွေက စစ်ပြဲရွာနဲ့ လေးသွန်းခံရွာတွေမှာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်စုစုပေါင်း၂၂လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ လောင်းလုံမြို့နယ်ရှိ ဒေသခံက ဆက်ပြောပါတယ်။

“ ပြင်းထိန်ရွာနဲ့ ဝေဒီရွာက စစ်ကြောင်းနှစ်ကြောင်းပေါင်းပြီး စစ်ပြဲရွာမှာ မီးရှို့တာ အိမ် ၉ဆောင်လောင်သွားတယ်။ ကညံကျွန်းရွာက စစ်ကြောင်းကတော့ လေးသွန်းခံကိုဝင်ပြီး မီးရှို့လို့ ၁၃ဆောင်မီးထဲပါသွားတယ်” လို့သူကပြောပါတယ်။

အဲ့ဒီနောက် ဒီဇင်ဘာလ ၂၈ရက်နေ့မှာတော့ စစ်ကောင်စီတပ်အင်အား ၁၀၀လောက်က စစ်ပြဲရွာထဲကို ဝင်ရောက်လာတဲ့အချိန် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် လမ်းမှာတွေ့တဲ့ ဒေသခံတစ်ဦးကိုဖမ်းဆီးပြီး လည်လှီးသတ်ဖြတ်သွားတယ်လို့ စစ်ပြဲရွာရှိ ဒေသခံတစ်ဦးက ပြောပြပါတယ်။

“ မိုင်းဆွဲခံရလို့ စစ်သားတစ်ယောက်သေတယ်လို့တော့ ကြားတယ်။ အတည်တော့မပြုနိုင်ဘူး။ ရွာထိပ်က တံတားမှာ ရွာသားတစ်ယောက်ကို တွေ့ပြီး စစ်ဆေးတယ်။ မျက်နှာကို ခဲတွေနဲ့ထုတယ်။ ပြီးတော့မှာ ခေါင်းဖြတ်ပြီး ရေကန်ထဲ ပစ်ချခဲ့တာ။ ခေါင်းတခြား၊ ကိုယ်တခြားပဲ” လို့သူကဆိုပါတယ်။

သတ်ဖြတ်ခံရတဲ့ သူက လောင်းလုံမြို့နယ်ရှိ ပိန်းရှောင်ရွာက အသက် ၃၀အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

အခုလို စစ်ကောင်စီတပ်က လောင်းလုံမြို့နယ်ထဲကို စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်ရောက်နေတာကြောင့် စစ်ပြဲ၊ ကညုံကျွန်း၊ ညင်းမော်၊ ဝေဒီ၊ ဂေါ့အင်း၊ ကထောင်းနီ၊ လေသွန်းခံနဲ့ အောက်ရေဖြူရွာတွေကို ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အခုလက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်သားတွေက လောင်းလုံမြို့နယ်ထဲရှိ ကြက်ယက်တွင်းရွာနဘေးက မြေခံတောင်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- CJ

Phar Si Than (People’s Radio Myanmar)