အောက်တိုဘာလ ၁၁ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်ရှိ ကျေးရွာတွေကို စက်သုံးဆီသယ်ယူခွင့်ပိတ်ထားတာကြောင့် ကမ်းနီးငါးဖမ်းသမားများ ငါးဖမ်းထွက်ရန် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပုလောမြို့နယ်ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းက ပုလောမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်တွေက ဆက်တိုက်စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ အချိန်ကစလို့ စက်သုံးဆီသယ်ယူခွင့်ကို ပိတ်ပင်လိုက်တာဖြစ်တယ်လို့ ပုလောမြို့နယ်ရှိ ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
“ တိုက်ပွဲဆက်တိုက်ဖြစ်တဲ့အချိန်ကတည်းဆိုတော့ သယ်ယူခွင့်ပိတ်ထားတာ ၁လလောက်ရှိပါပြီ။ စက်သုံးဆီပါရင် ဂိတ်တွေက ယူတယ်။ ဂိတ်တွေမှာ စစ်သားတွေ အသေးစိတ်စစ်တယ်” လို့ သူကအခုလိုပြောပါတယ်။
ပုလောမြို့နယ်ရှိ စက်သုံးဆီသယ်ယူခွင့် ပိတ်ခံထားရတဲ့ ရွာတွေက မြဒေါင်ရွာ၊ ပိတပ်ရွာ၊ မှော်ကြောင်းရွာ၊ လက္ကူးရွာ၊ မင်းထိန် စတဲ့ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။
အခုလို စစ်ကောင်စီတပ်က စက်သုံးဆီသယ်ယူခွင့်ကို ပိတ်ထားတာကြောင့် လက္ကူးရွာနဲ့ မြဒေါင်ရွာက တံငါလုပ်ငန်းလုပ်ကိုင်နေတဲ့ ဒေသခံတွေအနေနဲ့ ငါးဖမ်းလုပ်ငန်းကို ရပ်နားထားရပြီး ရေလုပ်ငန်းလုပ်ကိုင်နေတဲ့ တချို့ဒေသခံတွေက မြိတ်ဘက်ကိုသွားရောက်ကာ လုပ်ကိုင်နေကြတယ်လို့ လက္ကူးရွာရှိ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ လှေမထွက်ရတာကြာလာတော့ စားရေးသောက်ရေးလည်း ခက်ခဲလာတယ်။ တချို့တွေကတော့ စစ်ရှောင်စခန်းတွေမှာ နေကြတယ်။ တချို့ကတော့ စားဝတ်နေရေးအတွက် စက်လှေတွေရှိတဲ့ မြိတ်ဘက်ကို သွားလိုက်ကြတယ်” လို့ သူကအခုလိုပြောပြပါတယ်။
ပုလောမြို့နယ်ရှိ ရေလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ ပင်လယ်ပြင်ကို ငါးဖမ်းထွက်တဲ့အချိန် စက်သုံးဆီ အလုံအလောက်မရှိတာနဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်သင်္ဘောရန်တွေကိုလည်း ကြောက်နေရတယ်လို့ ပုလောမြို့နယ်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။
“ ဆီကလုံလုံလောက်မရှိတော့ ငါးဖမ်းထွက်ရင် အဝေးကြီးသွားလို့မရဘူး။ သွားရင်လည်း စစ်တပ်တွေကို ကြောက်နေရတယ်။ ဆက်ကြေးတောင်းလို့ သူတို့လိုသလောက် မပေးနိုင်ရင် သေနတ်နဲ့ပစ်မလား။ ဖမ်းမလားဆိုပြီး ကြောက်နေရတယ်။ တချို့ လှေပိုင်ရှင်တွေဆို စားသောက်ဖို့မရှိလို့ လှေတွေကို ပေါင်ထားကြတယ်” လို့ သူကအခုလိုရှင်းပြပါတယ်။
စစ်ကောင်စီတပ်က စက်သုံးဆီသယ်ယူခွင့် ပိတ်ထားတဲ့ ရွာတွေက ပင်လယ်ကမ်းရိုးတန်းနဲ့ နီးစပ်တဲ့ရွာတွေဖြစ်ပြီး ပုလောမြို့နယ်က ဒေသခံအများစုမှာ ရေလုပ်ငန်းလုပ်ကိုင် စားသောက်နေကြသူတွေဖြစ်တယ်လို့ သိရပါတယ်။
ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်က စက်သုံးဆီ၊ ဆန်နဲ့ ရိက္ခာသယ်ယူခွင့်ကို ကန့်သတ်ထားတဲ့အပြင် လျှပ်စစ်မီး ဖြတ်တောက်တာတွေကိုလည်း ထပ်မံပြုလုပ်လာခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ရက်နေ့က ငါးဝင်ခိုးဖမ်းတဲ့လှေ ၇စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖမ်းဆီးပြီးတဲ့ အချိန်မှာတော့ တစ်နိုင်တစ်ပိုင်ရေလုပ်ငန်း လုပ်ကိုင်နေတဲ့ လှေငယ်လေးတွေကို ပလမြို့၊ ကျောက္ကာရွာအနီး ပင်လယ်ပြင်မှာ ကျောက်ချထားတဲ့ စစ်သင်္ဘောတွေက ဖမ်းဆီးခဲ့ပြီး အဆိုပါ စစ်သင်္ဘောပေါ်ကနေ ပုလောမြို့ထဲရှိ ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- Myeik Now
Phar Si Than (People’s Radio Myanmar)