
မေလ ၂၂ရက်နေ့၊ ၂၀၂၄ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ဘက်ကနေ တနင်္သာရီမြို့နယ်ဘက်ကို ရိက္ခာပို့ဖို့လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တရက်တည်း နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။
မေလ ၂၀ရက်နေ့၊ နေ့လည် ၁၁နာရီလောက်မှာ ဘိတ်ဘက်ကနေ လာတဲ့ စစ်ကောင်စီတပ်ကား ၉စီးကို မြိတ်မြို့နယ်၊ လသာရွာအနီးရှိ ရဲသေတောင်နားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူာကာကွယ်ရေး ရဲဘော်တစ်ဦးက ဆိုပါတယ်။
“ မြိတ်မှာရှိတဲ့ ထောက်ပို့တပ်ကနေ ထွက်လာတဲ့ ယာဉ်တန်းဗျ။ ကျနော်တို့ မိုင်းဆွဲ လိုက်တဲ့အချိန် ၃စီးက ကျန်ခဲ့ပြီး ကျန်တဲ့ ၆စီးက ဆက်ပြီးသွားလိုက်တယ်” လို့သူက အခုလိုပြောပါတယ်။
အဲ့ဒီ စစ်ကောင်စီတပ်ကား ၆စီးဟာ တနင်္သာရီမြို့နယ်၊ ကမ်းတိုရွာအနီးကို ရောက်လာချိန် အဲဒီနေ့ နေ့လယ် ၁၂နာရီ ၄၉မိနစ်လောက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၁၅မိနစ်လောက် ကြာမြင့်ပြီး နေ့လည် ၁နာရီခွဲလောက်မှာတော့ တနင်္သာရီဘက်ကနေ မြိတ်ဘက်ကို လာတဲ့ စစ်ကောင်စီတပ်ကား ၃စီးကို ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ နောက်ထပ် တနင်္သာရီဘက်ကနေပြီး စစ်သားတွေလိုက်လာတဲ့ ကား၃စီးလာတဲ့အချိန်မှာ သူတို့က ကျနော်တို့ကို အရင်စပစ်တော့ ပြန်ပစ်တာ ပစ်ခတ်ချိန် ၇မိနစ်လောက်ကြာတယ် ” လို့သူက ပြောပါတယ်။
အဲ့ဒီနောက် မေလ ၂၁ရက်နေ့၊ မနက် ၅နာရီခွဲလောက်မှာတော့ တနင်္သာရီဘက်ကနေ ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ကားတွေကို ကမ်းတိုရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ကား သုံးစီး ထိခိုက်ပျက်စီးသွားတယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
“ စစ်ကောင်စီဘက်က လူထိခိုက်မှုတော့ ရှိတယ်ဗျ။ အခု ဒီဘက်မှာ စစ်သားတွေ သေတာဖြစ်ဖြစ်၊ ဒဏ်ရာရတာဖြစ်ဖြစ် လူတွေကို သယ်မသွားတော့ဘူး။ ရမ်းဖိုဘုန်းကြီး ကျောင်းထဲမှာ တပ်စွဲထားတာ ဆိုတော့ အဲ့မှာဘဲ့ အကုန်ထား ကြတယ်” လို့သူက ရှင်းပြပါတယ်။
တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုရွာအနီးမှာ မနေ့က ညနေပိုင်းအထိ နှစ်ဖက်ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
မေလ ၁၉ရက်နေ့ကလည်း ရမ်းဖိုရွာရှိ ရမ်းဖိုဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၂ဦး သေဆုံးခဲ့ပါသေးတယ်။
သတင်း-နော်အယ်နီး
ပုံ- ကမ်းတိုရွာ
Phar Si Than (People’s Radio Myanmar)