ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲပြင်းထန်နေ

ဒီဇင်ဘာလ ၁ရက် ၂၀၂၃ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁ရက်နေ့ မနက် ၅ နာရီလောက်ကစပြီး ကော့ကရိတ်အနီးတစ်ဝိုက်ကျေးရွာတွေ ဖြစ်တဲ့ ကော့နွဲ့၊ မြဝတီ−ကော့ကရိတ် အာရှလမ်း၊ လမ်းဟောင်း၊ တံတားဦးနဲ့ ချောင်းတောင်ကျေးရွာ ဘက်တွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြားထိတွေ့ တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားနေတာပါ။

အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကော့ကရိတ်မြို့ထဲမှာ ဒေသခံ ပြည်သူတွေပိတ်မိနေသလို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ ဗုံးကျင်းတွေနဲ့ အိမ်အောက်တွေမှာ နေနေကြရတယ်လို့ ဝင်းကြီးရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

“အိမ်နားမှာက ပိုဆိုးနေသလိုဘဲ၊ ညီမတို့က ဗုံးကျင်းထဲမှာရှိနေတယ်၊ မထွက်ရဲသေးဘူး၊ လက်နက်ကြီးကော လက်နက်သေးကော ပစ်နေတာ၊အခုချိန်ထိ ဗုံးကျင်းထဲက မထွက်ရသေးဘူး၊ (၅)နာရီထဲက ဗုံးကျင်းထဲရောက်နေတာ၊ မြို့ထဲက ထွက်ဖို့ကို ကားသမားက မထွက်ရဲသေးဘူး၊” လို့ ဝင်းကြီးရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုလို တိုက်ပွဲ အပြင်းအထန် မဖြစ်ပွားခင် ဒီဇင်ဘာလ ၁ ရက်နေ့ မနက် ၁၂ နာရီခွဲလောက်ကလည်း စစ်ကောင်စီတပ်က တံတားဦးရပ်ကွက်နဲ့ အာရှလမ်းမဘက်တွေကို လေကြောင်းကနေ ဗုံး (၅) လုံးကြဲသွားပြီး ခမရ (၉၇) ကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ပြုလုပ်ခံ့သေးတယ်လို့ ကော့ကရိတ်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

သူက “ လေယာဉ်ကလေ တံတားဦးဘက်နဲ့ အာရှလမ်းဘက်ကို ပစ်သွားတာ၊ တံတားဦးမှာတော့ ၂လုံး၊ အာရှလမ်းဘက်မှာက (၃) လုံးပစ်ပြီးတော့ ပြန်သွားတာ၊ ည ၁၂ထဲက လေယာဉ်လာချသွားထဲက ၉၇က ပစ်နေတာ၊ ပိုဆိုးလာတာက ၅ နာရီမှာ၊” လို့ ပြောပါတယ်။

အခုလို လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ဖန်ခါးကုန်းကျေးရွာက ဒေသခံတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး သေဆုံးသူမှာ ဘယ်သူဘယ်ဝါြဖစ်တယ်ဆိုတာကိုတော့ ကျွန်တော်တို့ People’s Radio Myanmar အနေတဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

လက်ရှိအချိန်ထိလဲ ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ သလို  စစ်ကောင်စီတပ်ကလည်း မနက် ၉နာရီခွဲလောက်မှာ တံတားဦးရပ်ကွက်တစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

“ လေယာဉ်လို့ မထင်ဘူး၊ ဘာလို့ထင်လဲဆို ကားအသံလို့ ထင်နေတာ၊ ပြီးမှ လေယာဉ်ဆိုမှ အောက်ကိုဆင်းပြေးရတယ်၊တံတားဦးဘက်ကိုပစ်နေတာ၊ ဘာလေယာဉ်မှန်းတော့ မသိဘူး၊ အများကြီးကျယ်တာဘဲ၊ ဂျက်လေယာဉ်တော့ မဟုတ်ဘူး၊” လို့ ကော့ကရိတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် အာရှလမ်းမမှာ ကားတစ်စီး မီးလောင်နေသလို ကော့ကရိတ်−မြဝတီ ကားလမ်းမှာ ကားအစီးရေ ရာနဲ့ချီပိတ်မိနေပြီး ကော့ကရိတ်မြို့အဝင် ကြာပန်းဂိတ်နားက ငါးပစ်ဂိမ်းရုံတွေလည်း မီးလောင်နေတယ်လို့ ကြာပန်းဂိတ်နားမှာ နေထိုင်သူအမျိုးသားတစ်ဦးက ပြောပါတယ်။

“ မနက်က အသက်ဘေးလေး သီသီလေးလွတ်သွားတယ်၊ ကျန်တာမကြောက်ဘူး၊ လေယာဉ်တွေ မမြောက်တွေက တောင်ပစ်မြောက်ရောက်လေ၊ ခုလဲ အိမ်ဘေးမှာ အမြောက်ကျည်တွေ ကျတာမနည်းဘူး၊ ညှော်နံ့တွေမွှန်ထူနေရော၊ ခုထိချနေတုန်း၊ ဂိမ်းရုံတွေလည်း မီးလောင်နေတယ်၊အဲ့ဒါရဲဘက်က အရာရှိနဲ့ ဝင်းကြီးကွက်သစ်က မိန်းမဖွင့်ထားတဲ့ဆိုင်၊ ” လို့  ကြာပန်းဂိတ်နားမှာနေထိုင်သူတစ်ဦးက ဆိုပါတယ်။

 

သတင်း – ကိုဖြိုး

ဓာတ်ပုံ – Social Media

Phar Si Than (People’s Radio Myanmar)