
ဇန်နဝါရီလ ၈ရက်၊ ၂၀၂၄ခုနှစ်
မွန်ပြည်နယ်၊ရေးမြို့နယ်၊ခေါဇာမြို့က ခေါဇာရဲစခန်းကို ဇန်နဝါရီလ ၇ရက်နေ့ မနက်အစောပိုင်းမှာ ရေးဘီလူးအဖွဲ့ကမီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။
ခေါ်ဇာမြို့တွင်းမှာ စစ်ကောင်စီတပ်သားနဲ့ ရဲအင်အား ၅၀ဝန်းကျင်လောက်ရှိပြီး ခေါဇာရဲစခန်းကို မီးရှို့ချိန်မှာလည်း အနီးအနားမှာရှိတဲ့ စစ်တပ်စခန်းကနေပြန်လည်ခုခံတာမျိုးမရှိသလို ရဲစခန်းအတွင်းမှာလည်း ယူနီဖောင်းဝတ်စုံတွေနဲ့ အရေး ကြီးတဲ့အချက်အလက်တွေ ကျန်ရှိနေတယ်လို့ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကပြောပါတယ်။
“ခေါဇာမြို့မှာဆိုရင်အင်အားကတော့ခန့်မှန်း၅၀လောက်ရှိတယ် ဒါစစ်တပ်နဲ့ရဲနဲ့ပေါင်းထားတာပေါ့ သူတို့တွေကျတော့စခန်းမှာမနေတော့ဘူး တပ်ရင်းထဲမှာသွားနေတယ် စခန်းကိုမီးရှို့တဲ့အချိန်မှာ တပ်ရင်ထဲကနေထွက်လာမလားပေါ့နော် .ကာဗာလာပေးမလားဆိုတဲ့ပုံစံမျိုးနဲ့ချတာ ဒါပေမဲ့မထွက်လာဘူးမထွက်တော့ကျွန်တော်တို့စခန်းကိုရှင်းလင်းလိုက်တယ် စခန်းမှာတော့ဖိုင်တွဲတွေယူနီဖောင်းတစ်ချို့တွေအရေးကြီတဲ့အချက်အလက်နည်းနည်းပါးပါးတွေသူတို့ချန်ထားတာရှိတယ်”သူကပြောပါတယ်။
ဒါ့အပြင်ရေးမြို့နယ်အတွင်းမှာလည်းစစ်တပ်ဘက်ကညတိုင်းနီးပါးလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေလုပ်ဆောင်နေသလိုရေးမြို့နယ်တစ်ဝိုက်နယ်မြေခံတွေလှန်ရေးအင်အားစုMissionတွေလုပ်ဆောင်တဲ့နေ့မျိုးမှာဆိုရင်လည်းမြို့တွင်းစစ်ဆေးတာတွေလုပ်ဆောင်တတ်ပြီး ခေါဇာမြို့က စစ်တပ်လက်အောက်ခံရဲတပ်ဖွဲ့ဝင်တစ်ချို့မှာ ရေးမြို့မှာလာရောက်ပြောင်းရွှေ့နေထိုင်ကြတယ်လို့ ရေးမြို့ဒေသခံတစ်ဦးကဆိုပါတယ်။
“တပ်တွေကညတိုင်းနီးပါးလက်နက်ကြီးတွေဖောက်နေတာပဲ အစစ်ဆေးကတော့ mission တွေရှိတဲ့နေ့ဆိုပုံမှန်ရှိပါတယ် တပ်ဘက်ကတော့အပြင်တောင်မထွက်ရဲဘူး သူတို့ကရမ်းပစ်ပြီးတာကလွဲပြီး အပြင်တောင်မထွက်ရဲကြဘူး မနေ့ကမီးရှို့တာက ဟုတ်တယ်အဲ့စခန်းရဲတွေကလည်း ရေးမြို့ပေါ်မှာရှိတာများတယ်”လို့သူကပြောပါတယ်။
ဒါ့အပြင်ဒီဇင်ဘာလ၃၀ရက်နေ့တုန်းကလည်းရေးမြို့နယ်၊ လမိုင်းမြို့က ၁၀၆တပ်ရင်းကနေ ထွက်လာတဲ့နယ်ထိန်းကားကို ရေးဘီလူးအဖွဲ့တိုက်ခိုက်ခဲ့ကာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတစ်ဦးပေါင်မှာကျည်ထိမှန်ခဲ့သလိုအသက်၃နှစ်ခွဲအရွယ်ကလေးငယ်တစ်ဦးညာဘက်ပေါင်မှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့၂၀၂၂ခုနှစ်ခုနှစ်တုန်းကလည်းခေါဇာမြို့ရဲစခန်းကိုရေးဘီလူးကသွားရောက်ရှင်းလင်းခဲ့ကာစခန်းမှူးအပါအဝင်တပ်ကြပ်တစ်ဦးကိုရှင်းလင်းနိုင်ခဲ့ပြီးဂန်းတိုတစ်လက်နဲ့အရှည်နှစ်လက်ကိုလည်းသိမ်းဆည်းရမိခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလနဲ့အခုဇန်နဝါရီလနှစ်လအတွင်း မွန်ပြည်နယ်အတွင်းက နေရာအတော်တော်များများမှာ တိုက်ပွဲဖြစ်ပွားနေသလို ရေးမြို့နယ်အတွင်းက စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ၊တပ်စွဲထားတဲ့နေရာတွေနဲ့ စစ်တပ်စခန်းတွေမှာ မကြာခဏတိုက်ခိုက်ခံနေရတယ်လို့ ဒေသခံတွေရဲ့ပြောပါပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – ရေးဘီလူးအဖွဲ့
Phar Si Than (People’s Radio Myanmar)