
ဧပြီလ ၂၈ရက် ၂၀၂၄
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ အမည်မသိအမျိုးသားတစ်ဦးရဲ့သေဆုံးနေတဲ့ အလောင်းကို ဧပြီလ နောက်ဆုံးအပတ်မှာတွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
အခုလို သေဆုံးတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကလုပ်ဆောင်ခဲ့လည်းဆိုတာကို အတိအကျမသိရသေးသလို ဘယ်လိုအကြောင်းအရာတွေကြောင့် အသတ်ခံရလဲဆိုတာကိုလဲ မသိရသေးဘူးလို့ဆိုပါတယ်။
“ သတ်တာကတော့ ဘယ်အဖွဲ့ကသတ်လို့ သတ်မှန်းမသိဘူး သေတာကတော့ ကြာနေလောက်ပြီ ၊ပုပ်ပွနေတာအလောင်းက ပြန်တွေ့တာရုပ်တွေတောင်မမှတ်မိဘူး ခွေးတောင်စားနေပြီ”လို့ သူကပြောပါတယ်။
အဆိုပါ အမျိုးသားသေဆုံးတာ နဲ့ ပတ်သက်ပြီး နောက်ထပ်စစ်ရှောင်အမျိုးသမီးတစ်ဦးက ယင်းအမျိုးသားဟာ အမှတ်(၅)ရပ်ကွက်အတွင်းမီးလောင်ခဲ့တဲ့နေရာတွေကသံတို၊သံစကောက်ယူချိန် သတ်ခံရတာဖြစ်နိုင်တယ်လို့လဲဆိုပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့တွင်းမှာတပ်အထိုင်ချထားတဲ့ တပ်မ (၅၅)က စစ်ကောင်စီတပ်သားတွေဟာ ထွက်မပြေးဘဲကျန်ရှိနေတဲ့ပြည်သူတချို့ကိုလည်းဖမ်းဆီးနှိပ်စက်တာမျိုးတွေပြုလုပ်နေသလိုဒေသခံတွေရဲ့ နေအိမ်တွေကိုလဲ ဝင်ရောက်မွှေနှောက်တာမျိုးတွေပြုလုပ်နေတယ်လို့လဲ ဆိုပါတယ်။
“လူ၁၀ယောက်လောက်ကိုဖမ်းပြီး နေပူထဲလှမ်းထားတယ်မိန်းလမ်းမပေါ်ကအိမ်ကြီးအိမ်ကောင်းတွေဆိုဖောက်တာတွေ့တဲ့သူကတွေ့တယ်ပြောမရဲကြဘူး ဒီတိုင်းကြည့်နေရတယ် ”လို့သူကဆိုပါတယ်။
ကော့ကရိတ်မြို့တွင်း စစ်တပ်အထိုင်ချထားတဲ့အတွက် ထွက်ပြေးတိမ်းေရှာင်ေနတဲ့ ဒေသခံတွေဟာ နေရပ်မပြန်ရဲသေးဘဲအခြေအနေကိုသာဆက်လက်စောင့်ကြည့်နေရတယ်လို့ဆိုပါတယ်။
ကော့ကရိတ်မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတာ ၄လကျော်ကြာမြင့်နေပြီဖြစ်ပြီး စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်တာ၊လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံနေအိမ် ၅၀၀ကျော်မီးလောင်ပျက်စီးခဲ့ပြီဖြစ်သလို ဒေသခံ၂၀၀၀၀ ကျော်ဟာလည်းနေရပ်မပြန်နိုင်သေးဘဲ နေထိုင်စားသောက်ရေးအတွက်အကူအညီတွေလည်းလိုအပ်နေတယ်လို့စစ်ရှောင်ပြည်သူတွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)