
ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့၊ တံတားဦးညဈေးနားမှာရှိတဲ့ ဒေသခံ နေအိမ် ၁၀ လုံးကျော် ထပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာလ ၂၇ရက်နေ့ နေ့လည် ၃ နာရီလောက်က တံတားဦးညဈေးအနီးမှာ ဒေသခံနေအိမ်တွေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး စစ်တပ်ကလမ်းထဲကို ပေးမဝင်တာကြောင့် မီးငြိမ်းသက်လို့ မရခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
“ ညနေပိုင်း တံတားဦး ညဈေးနားမှာပါ၊ ရှို့မီးဘဲ၊ မီးကတော်တော်ကြီးတယ်၊ အိမ် ၁၀ လုံးကျော် လောက်ပါသွားတယ်၊ အိမ်တွေက ကပ်ကပ်လေးတွေလေ၊ အထဲကိုလဲပေးမဝင်ဘူး၊ လမ်းပိတ်ထားတယ်၊” လို့ ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့ အောက်ရွာ အမှတ်(၈) ကျောင်းနားမှာလည်း နေ့လည် ၁၂ နာရီကနေ ၃ နာရီကျော်တဲ့အထိ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရအပါတယ်။
ကော့ကရိတ်မြို့ဒေသခံတစ်ဦးက “ အောက်ရွာအမှတ်၈ ကျောင်းနားမှာတိုက်ပွဲဖြစ်တယ်၊ နေ့လည်ပိုင်းလောက်က၊ လက်နက်ကြီးကတော့ တစ်ချက်တစ်ချက်ဘဲပစ်တယ်၊ တိုက်ပွဲကသေးသေးလေးဘဲဖြစ်တာ၊” လို့ ပြောပါတယ်။
ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ ၁ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားတာမှာ တစ်လနီးပါး ကြာမြင့်နေပြီဖြစ်ပြီး ဒေသခံ နှစ်သောင်းဝန်းကျင်မှာ ဘေးလွတ်ရာမြို့ရွာဘက်တွေကို ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ဒေသခံနေအိမ်တွေမှာ စစ်တပ်က တပ်စွဲနေထိုင်နေကြသလို ဝင်းကြီး၊ ချောင်းတောင်နဲ့ တံတားဦးရပ်ကွက်ရှိ စစ်ရှောင်နေအိမ်တွေကနေ ပစ္စည်းဝင်ခိုးတာတွေလည်း ပိုများလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“သူခိုးတွေဝင်တယ်၊ အမတို့ ဝင်းကြီးဘက်ကအဆိုးဆုံးဘဲ၊ ဟိုနေ့က သူခိုးတစ်ယောက်ဝင်ခိုးတာ တောထဲကအဖွဲ့တွေက စနိုက်ဘာနဲ့လှမ်းပစ်တာခံလိုက်ရတယ်၊ သူက သူများအိမ်ကို ဝင်ခိုးပြီး ပြန်လာတာ၊ တောထဲက အဖွဲ့တွေရှိတော့ အိမ်တွေလုံခြုံတယ်၊” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဒီဇင်ဘာလ ၂၅ရက်နေ့နဲ့ ၂၆ရက်နေ့ကလည်း ဝင်းကြီး၊ ချောင်းတောင်၊တံတားဦးနဲ့ လှိုင်ဝကွက်သစ်က ဒေသခံ နေအိမ် အလုံး ၅၀ ကျော် မီးလောင်ပျက်စီးခဲ့သေးတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Cj
Phar Si Than (People’s Radio Myanmar)