
အောက်တိုဘာလ ၅ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ညောင်ကုန်းကျေးရွာမှာတပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ် လက်အောက်ခံ BGF တပ်စခန်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ကနေ အောက်တိုဘာလ ၂ ရက်နေ့အတွင်း ညောင်တုန်းရွာမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ၇ ကြိမ်တိုင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ အမှတ် ၁ မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစုက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“စက်တင်ဘာ ၂၃ ရက်နေ့ကနေ အောက်တိုဘာ ၃ ရက်နေ့ထိက ညောင်ကုန်း BGF စခန်းကိုပဲ ဦးတည်တိုက်ခိုက်တာပါဗျ၊ အဲ့ဒီစခန်းက BGF နဲ့ စကစ အတူထိုင်တဲ့စခန်းပါဗျ၊ သူတို့ဘက်က ၂ ယောက်သေပြီး ၆ ယောက်ဒဏ်ရာရရှိခဲ့ပါတယ်” လို့ ပြောပါတယ်။
အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် BGF တပ်ဖွဲ့ဝင်တစ်ဦးနဲ့ စစ်ကောင်စီတပ် တပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ကျော်မြင့်ဦးတို့ သေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ ညောင်တုန်းရွာမှာ တပ်စွဲနေထိုင်နေတဲ့ BGF တပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ၊ လမ်းသွားလမ်းလာတွေဆီကနေ ပိုက်ဆံကောက်ခံတာတွေကို ဆက်တိုက် ပြုလုပ်နေတယ်လို့ သူကဆက်ပြောပါတယ်။
“လုပ်ပါတယ်ဗျ ခရီးသွားကားတွေကို မထင်ရင်မထင်းလို ငွေကြေးကောက်ခံပါတယ်၊ အနီးနားရွာတွေကိုလည်း မကြာခဏဆိုသလို လက်နက်ကြီးနဲ့ပစ်ခတ်ပါတယ်၊ ခရီးသွားတွေကို ဖမ်းဆီတာတွေလည်း ရှိဖူးပါတယ်” လို့ပြောပါတယ်။
လက်ရှိအချိန် တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်နေသလို ညောင်တုန်းကျေးရွာနားမှာလည်း စသ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“တိုက်ပွဲကတော့ ခဏခဏဖြစ်တာဘဲ၊ လက်နက်ကြီးကတော့ ညမိုးချုပ်တာနဲ့ ကြားနေရတယ်၊ ပြေးတဲ့လူကလည်းပြေးတယ်၊ အိမ်ကို စိတ်ချလို့နေခဲ့တဲ့လူကနေခဲ့တယ်” လို့ညောင်တုန်းကျေးရွာက ဒေသခံတစ်ဦးက ဆိုပါတယ်။
ကရင်ပြည်နယ်ထဲက ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ဘုရားသုံးဆူနဲ့ ဖာပွန်မှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီတပ် တပ်စွဲနေကြတဲ့နေရာတွေကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏ ဗုံးခွဲတိုက်ခိုက်တာတွေ၊ မီးရှို့ဖျက်ဆီးတာတွေကို ပြုလုပ်နေတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ ည ၇ နာရီလောက်ကလည်း မြဝတီမြို့ မြို့မရဲစခန်း ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် မြဝတီရှေ့တန်းရုံး ရှေ့တန်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်း အပါအဝင် ၆ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု
Phar Si Than (People’s Radio Myanmar)