ကံပေါက်-နဘုလယ်လမ်းကို စစ်ကောင်စီက ဖြတ်တောက်ထားတာကြောင့် ဒေသခံတွေ အသွားအလာ အခက်အခဲနေ

မေလ ၆ရက်နေ့၊ ၂၀၂၄ခုနှစ်

 

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်-နဘုလယ်လမ်းကို စစ်ကောင်စီတပ်က ဖျက်ဆီးဖြတ်တောက်ထားတာကြောင့် ဒေသခံတွေအနေနဲ့ သွားရေးလာရေး၊ စီးပွားရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဧပြီလ ၂၉ရက်နေ့၊ နေ့လည် ၂နာရီမှာ စစ်ကောင်စီရဲ့ မောရဝတီရေတပ်ဌာနချုပ်က စစ်ကောင်စီတပ်ကားတွေနဲ့ ဘတ်ဖိုးကားတစ်စီးရောက်လာပြီး ဇာဒီနဲ့ ခေါင်ပြန်ရွာကြားက ကားလမ်းမကို ထိုးဖြိုဖျက်ဆီးလိုက်တယ်လို့ ဇာဒီရွာဒေသခံ တစ်ဦးက ဆိုပါတယ်။

“ ကျနော်တို့ ဇာဒီဘက်က လူတွေက ကံပေါဈေးကိုသွာပြီး အရောင်းအဝယ် လုပ်ကြတာ များတယ်။ နဘုလယ်ဆိုဝေးတယ်လေ။ အခုက လမ်းတွေဖျက်ထားတော့ ဘယ်ကားမှသွားလို့ မရဘူး” လို့ သူက အခုလိုပြောပါတယ်။

လမ်းဖြတ်တောက်ခံရတဲ့ ဇာဒီကျေးရွာအုပ်စုနဲ့ ပရဒတ်ကျေးရွာအုပ်စုကြားရှိ ခေါင်ပြန်၊ ဒိုက်တကော်၊ ခရင်းချောင်း စတဲ့ရွာက ဒေသခံတွေလဲ သွားရေးလာရေးတွေ ခက်ခဲလာတယ်လို့ဆိုပါတယ်။

ခေါင်ပြန်၊ ဒိုက်တကော်၊ ခရင်းချောင်းရွာက ဒေသခံတွေက ဥယျာဉ်ခြံလုပ်ငန်းနဲ့ တံငါလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတာပါ။

စစ်ကောစီတပ်တွေက လမ်းပိုင်းတွေကို အနက် ၆တောင်၊ အကျယ် ၆တောင်လောက် တူးပြီး လမ်းမအပေါ် မြေဖို့ ပိတ်ဆို့ထားတာ ဖြစ်တယ်လို့ ဒေသခံက ရှင်းပြပါတယ်။

စစ်ကောင်စီတပ်က အခုလိုလုပ်ဆောင်တာဟာ မောရဝတီရေတပ်ဌာချုပ်နဲ့ ခလရ (၂၇၃) တပ်ရင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လာရောက်တိုက်ခိုက်မှာကို ကြောက်ရွံ့နေတာ ဖြစ်နိုင်တယ်လို့ ဒေသတော်လှန်ရေးတပ် ရဲဘော်တစ်ဦးက သုံးသပ်ပြောဆိုခဲ့ပါတယ်။

“ ဒီရွာတွေက သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေပါ။ဘာတော်လှန်ရေးတပ်မှမရှိသလို၊ တိုက်ပွဲတွေလည်း အဲ့နေရာမှာ မဖြစ်ဘူး။ သူတို့ လုံခြံရေးကောင်းကောာင်းမပေးဘဲနဲ့ ပြီးစလွယ် လမ်းကို ဖျက်ဆီးလိုက်တော့ ပြည်သူတွေဘဲ အခက်တွေ့ရတာပေါ့” လို့သူက ဆိုပါတယ်။

ကားလမ်းမတွေ ဖျက်ဆီးခံရတာကြောင့် ဒေသခံတွေရဲ့ စီးပွားရေးကို ထိခိုက်ရုံသာမက အဲ့ဒီရွာ သုံးရွာက ဒေသခံတွေအနေနဲ့ ကံပေါက်တိုက်နယ်ဆေးရုံကို အားထားရတာကြောင့် ကျန်းမာရေးကိစ္စ အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကားလမ်းမတွေကို အတားအဆီးတွေနဲ့ ပိတ်ဆို့တာတွေ ရှိခဲ့ပေမယ့် အခုလို မြေတူးဖော်ပြီး လမ်းမကို ဖျက်ဆီးတာက တနင်္သာရီတိုင်းအတွင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

 

သတင်း-နော်အယ်နီး

ပုံ- စစ်ကောင်စီတပ်က ဖျက်ဆီးထားတဲ့ လမ်းပိုင်း

Phar Si Than(People’s Radio Myanmar)