
ဖေဖော်ဝါရီလ ၂၁ရက်နေ့၊ ၂၀၂၄ခုနစ်
မြိတ်ထောင်က အကျဉ်းသား ၁၅၀လောက်ကို ကော့သောင်းထောင်သို့ ထပ်မံပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၁ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ ရာဇဝတ်မှုတွေနဲ့ ထောင်ကျနေတဲ့ အကျဉ်းသား ၁၅၀လောက်ကို ထပ်မံပြောင်းရွှေ့မယ်ဆိုတာကို မိသားဝင်စုဝင်တွေဆီ ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူက ဆိုပါတယ်။
“ ထောင်ထဲမှာ လူအရမ်းပြည့်ကျပ်နေလို့ ပြောင်းတယ်လို့ ပြောတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း တခါရွှေ့ပြီးပြီ။ အခုက ကော့သောင်းကို ရွှေ့မှာလို့ ပြောတယ်” လို့ သူက အခုလိုပြောပါတယ်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ကျောင်းသား၊ ကျောင်းသူတွေနဲ့ အရပ်သားပြည်သူတွေကို မတရားဖမ်းဆီး ထောင်ချတာတွေကြောင့် မြိတ်အကျဉ်းထောင်မှာ လူဦးရေ များနေတာဖြစ်တယ်လို့ မြိတ်က နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက ပြောပါတယ်။
“ ထောင်ထဲမှာက အကျဉ်းသားတွေကို မကြာ မကြာ ပြောင်းလေ့ရှိတယ်။ အဲဒီထဲမှာ နိုင်ငံရေးနဲ့ ထောင်ကျနေတဲ့ သူတွေတော့ မပါဘူး။ သူတို့လည်း ငွေကြေးကုန်ကျခံပြီး အကြောင်းမရှိ မပြောင်းဘူး” လို့သူက ပြောပြပါတယ်။
ကော့သောင်းအကျဉ်းထောင်ထဲမှာ စစ်ကောင်စီတပ်က အဆောင်သစ်တွေကိုလည်း ဆောက်လုပ်ထားတာကြောင့် ကောင့်သောင်းထောင်ကို ရွှေ့ပြောင်းတာဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၄ရက်နေ့ကလည်း မြိတ်အကျဉ်းထောင်က အကျဉ်းသား ၃၀၀လောက်ကို ရေလမ်းကနေ ကော့သောင်းနဲ့ တခြားအကျဉ်းထောင်တွေကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ မြိတ်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေအပါအဝင် အကျဉ်းသားစုစုပေါင်း ၂၀၀၀ကျော်ရှိတယ်လို့ ထောင်တွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- မြိတ်အကျဉ်းထောင်
Phar Si Than (Peopel’s Radio Myanmar)