
မတ်လ ၁၈ရက်နေ့၊ ၂၀၂၄ခုနှစ်
ထားဝယ်ခရိုင်ရှိ ထားဝယ်၊ လောင်းလုံနဲ့ ရေဖြူမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့အတွက် ရပ်ကွက်ရုံးတွေက ဆင့်ခေါ်စာတွေကို ရပ်ကွက်အလိုက်ပို့ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မတ်လ ၁၆ရက်နေ့၊ ညမှာ စစ်မှုထမ်းဖို့အတွက် ထားဝယ်မြို့ပေါ်က တလိုင်းထိန်၊ တလိုင်းမ၊ ဆင်ဆိပ်၊ ပိန္နဲတော၊ ဒေါင်းငူ၊ မြောက်ရွာ၊ ညောင်ရမ်းတေင်၊ အနောက်မြို့တွင်းနဲ့ သင်္ဘောဆိပ် စတဲ့ ရပ်ကွက်တွေမှာ အရွယ်ရောက်သူတွေကို စာရင်းသွင်းဖို့ ဆင့်ခေါ်စာတွေကို ရပ်ကွက်ရုံးတွေက ပို့ဆောင်နေတာဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။
“ အရင်စာရင်းလိုက်ကောက်တယ်။ ကျနော့်အသိတယောက်အိမ်မှာဆို လူကြီးတွေဘဲ့ရှိတာ။ ကျန်တဲ့သူတွေက နိုင်ငံခြားမှာတွေဘဲ့”
ထားဝယ်မြို့ပေါ်က ရပ်ကွက်တွေကို ပေးပို့လာတဲ့ ဆင့်ခေါ်စာမှာတော့ ဥပဒေအရ စစ်မှုထမ်းရန် အသက်ပြည့်သူ့များ မှတ်ပုံတင်စာရင်းသွင်းဖို့ မတ်လ ၁၇ရက်နေ့၊ မနက် ၁၁နာရီမှာ ထားဝယ်မြို့နယ် စုပေါင်းရုံးကို မပျက်မကွက် လာရောက် သတင်းပို့ဖို့ ရေးသားထားတာ တွေ့ရပါတယ်။
လောင်းလုံမြို့နယ်မှာလည်း စစ်မှုထမ်းဖို့ မြို့ပေါ် ရပ်ကွက်တစ်ခုကို ၅ဦးနှုန်းနဲ့ မတ်လ ၁၆ရက်နေ့မှာဘဲ့ စာရင်းကောက်ယူနေတယ်လို့ လောင်းလုံမြို့ဒေသခံတွေဆီကနေ သိရပါတယ်။
“ လောင်းလုံမှာက မြို့ပေါ်ရပ်ကွက်နဲ့ စမ်းလှမ်းတို့ဘက်ဘဲ့ခေါ်သေးတယ်။ တခြားရွာဘက်တွေတော့ မကြားရသေးဘူး” လို့သူက ပြောပြပါတယ်။
ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ရှိ မြို့ပေါ်ရပ်ကွက် ၄ခုမှာလည်း စစ်မှုထမ်းဖို့ ရပ်ကွက်ရုံးတွေကနေ ဖုန်းဆက်ပြီး စာရင်းကောက်ယူနေတယ်လို့ သိရပါတယ်။
၂၀၂၄ခုနစ်၊ မတ်လ ဒုတိယပတ်လောက်ကစပြီး တနိုင်ငံလုံးရှိ မြို့နယ်တော်တော်များများမှာ စစ်မှုထမ်းဖို့အတွက် ရပ်ကွက်ရုံးက ဆင့်ခေါ်စာတွေ ပေးပို့နေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- စစ်မှုထမ်းဖို့အတွက် ရပ်ကွက်ရုံးက ဆင့်ခေါ်စာ
Phar Si Than (People’s Radio Myanmar)