
ဒီဇင်ဘာလ ၁၄ရက်၊ ၂၀၂၃ခုနှစ်
မွန်ပြည်နယ်၊ကျိုက်မရောမြို့က တောင်ကလေးကျေးရွာနဲ့အနီးအနားကျေးရွာတွေမှာ တိုက်ပွဲတွေငြိမ်သက်နေပေမဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာဒေသခံတစ်ချို့မှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။
ဒီဇင်ဘာလဒုတိယအပတ်လောက်ကနေစပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေငြိမ်သက်နေပေမဲ့ စစ်တပ်ရဲ့ မုဒုံအမြှောက်တပ်နဲ့တောင်ကလေးစခန်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာ ကြောင့်တောင်ကလေးကျေးရွာအနီးက ပေါလောကျေးရွာအတွင်းမှာလည်းလက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေရှိနေပြီး ဒေသခံတွေမှာဘုရားသုံးဆူမြို့နဲ့ဘက်တွေကို သွား ရောက်တိမ်းရှောင်တာနေကြရတယ်လို့ တိမ်းရှောင်နေသူတောင်ကလေးကျေးရွာသားတစ်ဦး ကပြောပါတယ်။
“စကစဘက်ခြမ်းကတောင်ကလေးစခန်းကနေသူလည်းဒရုန်းနဲ့လှကဇိုင်းဘက်ကို သွားပစ် တယ်၄လုံးတစ်ခါပစ်နေတယ်ဟိုဘက်ကတော်လှန်ရေးအဖွဲ့တွေကဒရုန်းနဲ့လာပစ်တယ်ဆိုရင်သူတို့တွေကလည်းဒရုန်းလာတဲ့ဘက်ကို ဒရုန်းပြန်လွှတ်ပြီးတော့ပြန်ပစ်တယ်အမြှောက်ကြီးနဲ့ ကတော့ ပစ်နေတုန်းပဲ ပေါလောဘက်တွေ တစ်ပုံကြီးပဲပစ်နေတယ် ပေါလောကလူတွေဆိုလည်း သုံးဆူဘက်မှာ ရောက်နေတယ်ထွက်ကုန်ပြီးရွာမှာမနေရဲဘူး အခြေနေဆိုးတာပေါ့လေ အဲ့ဘက်ခြမ်းကတော့”လို့ သူကပြောပါတယ်။
ဒီဇင်ဘာလ ၁၂ရက်နေ့ နေ့လည်၁၂နာရီဝန်းကျင်အချိန်တုန်းကလည်း လှကဇိုင်းကျေးရွာမှာ လက်နက်ငယ်တစ်ချို့ပစ်ခတ်သံတွေကြားခဲ့ရပြီး စစ်တပ်ဘက်က ညနေ၄နာရီထိလောက်ကို လက်နက်ကြီးတွေနဲ့တောင်ကလေးကျေးရွာအနီးတစ်ဝိုက်ကကျေးရွာတွေဘက်ကို ပြန်လည် ပစ်ခဲ့တယ်လို့ တောင်ကလေးကျေးရွာနေအမျိုးသမီးတစ်ဦးကဆိုပါတယ်။
“နေ့ခင်းဘက်လောက်က လှကဇိုင်းဘက်မှာ ပစ်သံတွေကြားတယ် တောင်ကလေးကနေရော မုဒုံကပါ အမြှောက်တွေနဲ့ထုတယ် လက်နက်ငယ်သံတွေကြားပြီးမကြာဘူး လက်နက်ကြီးသံ တွေပဲကြားတော့တယ် အဲ့နောက်ပိုင်းတော့လက်နက်ငယ်သံတွေမကြားတော့ဘူး လက်နက် ကြီးတွေက၄နာရီမတိုင်ခင်ထိကို ပြီးတော့ညဘက်ကျတော့ ၃လုံးကျတယ်တောင်ကလေးရဲ စခန်းမှာဒရုန်းလာပစ်တာလားတော့သေချာမသိဘူး”လို့သူပြောပါတယ်။
အခုလက်ရှိအချိန်ထိကိုလည်း စစ်တပ်ဘက်ကတောင်ကလေးကျေးရွာမှာ အင်တာ နက်လိုင်းတွေဖြတ်တောက်ထားပြီးဒီနေ့ ဒီဇင်ဘာလ ၁၄ရက်နေ့မနက်ပိုင်းနဲ့ ၁၃ရက်နေ့ ညပိုင်းတုန်းကလည်းလက်နက်ကြီးအလုံး၂၀ ေလာက်ကျေးရွာပတ်ပတ်လည်ကိုပစ်ခတ်ခဲ့တယ်လို့တောင်ကလေးကျေးရွာသားတွေကဆိုပါတယ်။
ဒါ့အပြင်တောင်ကလေးကျေးရွာမှာစစ်တပ်ဘက်က ရွာလမ်းမကြီးအတိုင်းကင်းလှည့်နေ ပြီး ရွာအရှေ့ပိုင်းကိုလည်း ကျေးရွာသားတွေသွားလာမရတော့ပဲ လမ်းတွေကို စစ်တပ်ဘက်ကအပြီးပိတ်ထားလိုက်တာလည်းဖြစ်ပါတယ်။
ချောင်းနှစ်ခွနဲ့တောင်ကလေးကျေးရွာတစ်ဝိုက် တစ်လကျော်ကြာတိုက်ပွဲအတွင်းစစ်တပ်က လက်နက်ကြီးပစ်တာလေယာဉ်နဲ့ဗုံးကြဲတာတွေကြောင့် မိကသစ်ကျေးရွာကဦးဇင်းတစ်ပါးနဲ့ ကလေးငယ်၂ဦးသေဆုံးပြီး ချောင်းနှစ်ခွကျေးရွာကနေအိမ်အလုံး၄၀နီးပါးလောက်ပျက်စီးကာ ဒေသခံ၄၀၀၀ ကျော်လည်းဆက်လက်တိမ်းရှောင်နေရတယ်လို့ ဒေသအရပ်ဖက်လူမှုကူညီပေးနေသူတွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – CJ
Phar Si Than (People’s Radio Myanmar)